close

ပွင့်နေခြည်လူငယ် ဇာတ်သဘင်ကား တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၁၀ ဦးအထိ ရှိလာ

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး၊ ကွမ်းခြံကုန်းအဆင်းမှာ ပွင့်နေခြည်လူငယ် ဇာတ်သဘင်ကား တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၁၀ ဦးအထိ ရှိလာတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဒီဗွီဘီကို ပြောပါတယ်။

မော်လမြိုင်ကနေ မြဝတီကို မောင်းနှင်လာတဲ့ ပွင့်နေခြည်လူငယ် ဇာတ်သဘင်ကားဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက် ညနေ ၄ နာရီလောက်က ကွမ်းခြံကုန်းအဆင်းမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဘောင် ဝင်တိုက်ပြီးနောက် တိမ်းမှောက်သွားခဲ့တာပါ။

ဇာတ်သဘင်ကား တိမ်းမှောက်မှုမှာ ယာဉ်ပေါ်ပါလာသူ ၅ ဦး အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့ပြီး နောက်ထပ် အသက် ၂ နှစ်အရွယ် ကလေးငယ်တဦး အပါအဝင် ၅ ဦးကတော့ မြဝတီခရိုင်ပြည်သူ့ဆေးရုံမှာ ထပ်မံသေဆုံးခဲ့တာပါ။

ဇာတ်သဘင်ကား တိမ်းမှောက်မှုမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့တဲ့ ကျန်ရှိတဲ့ ၁၁ ဦးကို မြဝတီခရိုင်ပြည်သူ့ဆေးရုံကနေ မော်လမြိုင်ပြည်သူ့ဆေးရုံကို ထပ်မံ လွှဲပြောင်းပေးအပ်ခဲ့ပြီး အဲဒီထဲက ၂ ဦးကလည်း အနီရောင်အဆင့်မှာ ရှိနေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ဆိုပါတယ်။

ပွင့်နေခြည်လူငယ် ဇာတ်သဘင်ဟာ မွန်ပြည်နယ်၊ မော်လမြိုင်မှာ အခြေစိုက်တဲ့ ဇာတ်သဘင် တခုဖြစ်ပြီး ကားတိမ်းမှောက်စဉ် ဇာတ်သဘင်ဝင်အဖွဲ့ဝင် ၂၈ ဦး ပါဝင်သွားခဲ့တာပါ။

ဇာတ်သဘင်ကား တိမ်းမှောက်မှုကြောင့် သေဆုံးသွားတဲ့သူတွေရဲ့ ရုပ်အလောင်းတွေကို အောက်တိုဘာ ၆ ရက်နေ့မှာ မော်လမြိုင်ကို ပြန်လည်သယ်ဆောင်လာတာ ဖြစ်ပါတယ်။

မြဝတီအာရှလမ်းမကြီးမှာ ယာဉ်တိမ်းမှောက်တာနဲ့ ယာဉ်တိုက်မှု ဖြစ်စဉ်တွေကြောင့် ခရီးသွားပြည်သူတွေ မကြာခဏ ဆိုသလို ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up