close

ဘန်ကောက်တွင် ထိုင်းနှင့်မြန်မာအလုပ်သမားအဖွဲ့ပေါင်းပြီး အလုပ်သမားအခွင့်အရေး ဆန္ဒပြတောင်းဆို

ဒီကနေ့ အောက်တိုဘာ ၇ ရက်မှာကျရောက်တဲ့ decent work day နေ့မှာ ထိုင်းအလုပ်သမားသမဂ္ဂနဲ့ ရွှေ့ပြောင်းအလုပ်သမားကွန်ရက်အဖွဲ့ MWRN တို့ပူးပေါင်းပြီး ဘန်ကောက်မြို့ ဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင်အနီးမှာ စီတန်းလမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။

အဓိကမှာ အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်တဲ့ အချက် ၇ ချက်ကို ထိုင်းအလုပ်သမား ဝန်ကြီးဌာနကို ဦးတည်တောင်းဆိုခဲ့ကြတာပါ။

အဆိုပါအချက်တွေမှာ အစိုးရအနေနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ကွန်ဗင်းရှင်းအရ လွတ်လပ်စွာစုဝေးခွင့်နဲ့ စုပေါင်းညှိနှိုင်းခွင့်ဆိုင်ရာ အချက်ကို အတည်ပြုပေးဖို့ ပါဝင်ပါတယ်။

အပြည်ပြည်ဆိုင်ရာအခြေခံမူအရ အလုပ်အကိုင်အားလုံးအတွက် တူညီမျှတတဲ့ လုပ်အားခ ပေးချေဖို့၊ ကက်ဘိနက်အဖွဲ့ ဆုံးဖြတ်ချက်အရ အလုပ်သမားမှတ်ပုံတင်ပေးတဲ့ ဆောင်ရွက်ချက်လမ်းကြောင်းနဲ့ ဝန်ဆောင်ခတွေဟာ အလုပ်ရှင်နဲ့ ပွဲစားတွေက အလုပ်သမားတွေအပေါ် ငွေကြေး ပိုမိုကောက်ခံမှု ရှိစေတာကြောင့် အလုပ်သမားတွေ ပိုပြီး ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်လို့လည်း ထောက်ပြထားပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းနိုင်ငံထဲ တရားမဝင်ခေါ်ဆောင်လာတဲ့ ပွဲစားတွေကို အရေးယူနှိမ်နင်းတာ၊ အလုပ်သမားတွေဆီကနေ ငွေကြေးတွေရရှိဖို့ လိမ်လည်လှည့်ဖျားနေတဲ့ ပွဲစားတွေကို ပြင်းပြင်းထန်ထန် အရေးယူပေးဖို့လည်း တောင်းဆိုထားပါတယ်။

အကယ်၍ အလုပ်သမားကုစားရေးပေါ်လစီ၊ စီမံကိန်းများ ပေါ်လာပါက ထိုင်းအလုပ်သမားများသာမက နိုင်ငံခြားအလုပ်သမားတွေပါ ခွဲခြားမှုမရှိဘဲ အလုပ်သမား အားလုံးအပေါ် သက်ရောက်အကျုံးဝင်စေဖို့ တောင်းဆိုထားကြောင်း MWRN အဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

နောက်ထပ် အသေးစိတ် အချက်အလက်တွေနဲ့ ပတ်သက်လို့တော့ MWRN အဖွဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်လို့ မရသေးပါဘူး။

ဓာတ်ပုံ - MWRN

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up