အမေရိကန်နှင့် ဖိလစ်ပိုင် ပူးတွဲ စစ်ရေးလေ့ကျင့်

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ အနောက်မြောက်ပိုင်း ဇမ်းဘယ်လ်စ်ပြည်နယ်အနီးရှိ စစ်စခန်းတခုမှာ အောက်တိုဘာ ၇ ရက်က ဖိလစ်ပိုင်နဲ့ အမေရိကန် မရိမ်းတပ်ဖွဲ့တွေဟာ နှစ်စဉ် ပူးတွဲ ရေတပ်လေ့ကျင့်မှုအဖြစ် ကုန်း-ရေနှစ်သွယ် ဆင်းသက်တဲ့ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ပါတယ်။
တပ်ဖွဲ့ဝင်တွေဟာ ကုန်း-ရေနှစ်သွယ် ချေမှုန်းရေးယာဉ်တွေကို စီးနင်းပြီး အနီးနားရှိ ကမ်းခြေတခုမှာ ဆင်းသက်တဲ့ လေ့ကျင့်ခန်းတွေကို ပြုလုပ်ခဲ့ပါတယ်။
ဖိလစ်ပိုင် ရေတပ်ဗိုလ်မှူး အမ်မရီ တိုရေးက “အနှေးနဲ့အမြန်ဆိုသလို ကျရောက်လာမယ့် ခြိမ်းခြောက်မှုတွေအတွက် ပြင်ဆင်နေတာဖြစ်ပေမဲ့ အနောက်ဘက် ဒါမှမဟုတ် မြောက်ပိုင်းဒေသမှာ ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမဲ့ ဖိလစ်ပိုင် မရိမ်းတပ်တွေကို စွမ်းရည်မြှင့်ဖို့ ဒီလို နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုမျိုးကို နှစ်စဉ် ပြုလုပ်သွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
သူတို့ဟာ ဓာတုနဲ့ ဇီဝဗေဒဆိုင်ရာ တိုက်ခိုက်မှုတွေကို ဖော်ထုတ်တဲ့ ထောက်လှမ်းရေးနဲ့ ကင်းထောက်လေ့ကျင့်ခန်းတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။
အမေရိကန် မရိမ်းတပ် အရာခံဗိုလ် အကြီးအကဲ ဂျိုရွှာ ဒါဂီးစ်က “CBRN - ဓာတု၊ ဇီဝဗေဒ၊ ဓာတ်ရောင်ခြည်နဲ့ နျူကလီးယား ကာကွယ်ရေး တခုလုံးက အရေးကြီးကြောင်း၊ ကျွန်ုပ်တို့ကို ဓာတုလက်နက်နဲ့ တိုက်ခိုက်နိုင်တဲ့ တခြားနိုင်ငံတွေနဲ့ ပြည်နယ်တွေကိုသာမက မတော်တဆ ထုတ်လွှတ်လိုက်မိခြင်း သို့မဟုတ် လျှို့ဝှက်ဓာတ်ခွဲခန်းကိစ္စမျိုး ရှိလာခဲ့ရင် CBRN ကြိုတင်ပြင်ဆင်မှုက မျက်စိနဲ့မမြင်နိုင်တဲ့ အေးဂျင့်တွေ၊ ဓာတုပစ္စည်းတွေရဲ့ အန္တရာယ်ကနေ လူတွေကို ဘေးကင်းစေဖို့ ကူညီပေးမှာပါ” လို့ ပြောပါတယ်။
ပင်လယ်စစ်သူရဲများ ပူးပေါင်းဆောင်ရွက်ရေးလို့ ဖိလစ်ပိုင်လို အတိုကောက်ဖြစ်တဲ့ ကမန်ဒဂ် စစ်ဆင်ရေးဟာ အောက်တိုဘာ ၁၄ ရက်အထိ လုပ်ဆောင်မှာဖြစ်ပြီး အမေရိကန်တပ်ဖွဲ့ဝင် ၂,၅၅၀ နဲ့ ဖိလစ်ပိုင်တပ်ဖွဲ့ဝင် ၅၃၀ ပါဝင်မှာဖြစ်ပါတယ်။
ဒီလေ့ကျင့်မှုမှာ ကုန်းရေနှစ်သွယ် ဆင်းသက်တာ၊ မီးငြှိမ်းသတ်တာနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ စတဲ့ ကျွန်းအခြေပြု လေ့ကျင့်ခန်းတွေ ပါဝင်ပါတယ်။
အမေရိကန်နဲ့ ဖိလစ်ပိုင် စစ်တပ်တို့ဟာ ၂ ပတ်ကြာ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာ ၃ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး ဝါရှင်တန်နဲ့ ဘေကျင်းအကြား တင်းမာမှုတွေကြောင့် ဒေသတွင်း မသေချာ မရေရာမှုတွေ ဖြစ်နေချိန်မှာ နီးကပ်တဲ့ စစ်ရေးမဟာမိတ်ကို အားဖြည့်ပေးနေတာလည်း ဖြစ်ပါတယ်။