တိုက်ပွဲအတွက် အဆင်သင့်ရှိဟု နေတိုးမဟာမိတ်အဖွဲ့ပြော

စလိုဗက်ကီးယားမှာစစ်ရေးလေ့ကျင့်နေတဲ့ နိုင်ငံစုံပါတဲ့စစ်အုပ်စုအသစ်ဟာ တိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ နေတိုးမဟာမိတ်အဖွဲ့က အောက်တိုဘာ ၅ ရက်မှာ ပြောကြားလိုက်ပါတယ်။
စလိုဗက်ကီးယား လေ့ကျင့်ရေးစင်တာမှာ ပြုလုပ်တဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လေ့ကျင့်ခန်း ဗီဒီယိုဖိုင်ကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ချက်သမ္မတနိုင်ငံရဲ့ ကြည်းတပ်မှ ဗိုလ်မှူးကြီး လာဒီစလာ့ဗ် ဘူဂျာရက်ခ် က“ဒီလေ့ကျင့်ခန်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ နိုင်ငံတွေကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေ အလုပ်ဖြစ်နေပြီး ကျနော်တို့ဟာ အဆင်သင့်ဖြစ်မှုနဲ့ တိုက်ခိုက်ရေး ထိရောက်မှုအဆင့်ကို ရောက်နေပြီဆိုတာကို သက်သေပြဖို့တယ်”လို့ ပြောပါတယ်။
စစ်ရေးဗျူဟာအကြံပေးအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ အမေရိကန်စစ်တပ်မှ ဗိုလ်ကြီးအန်ဒရူး ရက်ဘားကတော့ နေတိုးအဖွဲ့ လုံခြုံမှုရှိဖို့၊ အမေရိကလုံခြုံမှုရှိဖို့ ကျနော်တို့ဟာ အဖွဲ့တခုတည်း အနေနဲ့ လုပ်ဆောင်ရမှာဖြစ်ပြီး တတ်နိုင်သလောက် နယ်စပ်ကို ဖြန့်ရမယ်လို့ ပြောပါတယ်။
မြို့တော် ဘရာတစ်စ်လာဗာရဲ့ အရှေ့ဘက် ကီလိုမီတာ ၂၀၀ အကွာရှိ ဇဗိုလန်မှာ စက်တင်ဘာ ၂၀ ရက်ကနေ ၂၂ ရက်အထိ စစ်ရေးလေ့ကျင့်ခဲ့ကြပြီး ချက်သမ္မတနိုင်ငံ၊ ဂျာမနီ၊ စလိုဗက်ကီးယား၊ စလိုဗေးနီးယားနဲ့ အမေရိကန်တပ်တွေ ပူးပေါင်း ပါဝင်ပါတယ်။