close

သထုံခရိုင် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါးသေဆုံး

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၁ ထိန်းချုပ်နယ်မြေဖြစ်တဲ့ သထုံခရိုင်ထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာတလအတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါး သေဆုံးခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီ လက်အောက်ခံတပ်တွေဟာ စက်တင်ဘာလအတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲပေါင်း ၃၉ ကြိမ် ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄၅ ယောက် သေဆုံးကာ ၄၁ ယောက် ဒဏ်ရာရရှိခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ MA ၂ လက်၊ ကျည်ဘောက် ၈ ခု၊ ကျည်ဆန် ၃၉၀ တောင့်နဲ့ ခြောက်လုံးပြူး အတို ၁ လက်တို့ကို KNLA ပူးပေါင်းတပ်က သိမ်းဆည်းရမိခဲ့ပြီး KNLA၊ KNDO နဲ့ မိတ်ဘက်တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

စက်တင်ဘာလထဲမှာတော့ စစ်ကောင်စီတပ်ဟာ ကေအန်ယူ တပ်မဟာ ၁ အုပ်ချုပ်နယ်မြေအတွင်း ကျူးကျော်တပ်စွဲထားတဲ့ တပ်စခန်းတွေမှာ အင်အားတိုးချဲ့တာနဲ့ စခန်းပြုပြင်တာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ကေအန်ယူပြောခွင့်ရ ပဒိုစောအေးနိုင်က ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ စခန်းပြုပြင်ဖို့နဲ့ လက်နက်ကြီး အထိုင်စခန်းတွေ တည်ဆာက်ဖို့အတွက် ဒေသခံပြည်သူတွေကို ခြိမ်းခြောက်ပြီး ဝါးနဲ့သစ်တွေ ခုတ်ခိုင်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ နေ့စဉ်နဲ့အမျှ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ကျေးရွာအတွင်း ရမ်းသန်းပစ်ခတ်တာတွေကြောင့် လူနေအိမ် ၄ လုံးနဲ့ ကား ၁ စီး ပျက်စီးခဲ့သလို အရပ်သားတွေ မွေးမြူထားတဲ့ ကျွဲ၊ နွားတွေလည်း ထိမှန်သေဆုံးတာတွေ ရှိခဲ့တာပါ။

စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီစစ်ကား ၁၀ စီး ပျက်စီးခဲ့သလို စစ်ကောင်စီတပ်သား ၂ ဦး ကေအန်ယူ သထုံခရိုင်ထဲ လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up