close

“မသောက်မိသောမိုးခါးရေ” တော်လှန်ရေးရုပ်ရှင် တိုကျိုတွင် ရုံပြည့်ရုံလျှံအားပေး

CDM ဗိုလ်ကြီးတဦးရဲ့ အဖြစ်အပျက်အမှန်ကို အခြေခံပြီး ဒါရိုက်တာ ကိုပေါက် ရိုက်ကူးတဲ့ ”မသောက်မိသော မိုးခါးရေ” တော်လှန်ရေးရုပ်ရှင်ကို အောက်တိုဘာ ၉ ရက်နေ့က တိုကျိုမြို့မှာ ပြသခဲ့ရာ ပွဲစဉ် ၈ ပွဲလုံး ရုံပြည့်ရုံလျှံလာရောက်အားပေးခဲ့ကြပါတယ်။

“ဒီဇာတ်ကားအစ အလံနီလေးထွက်ပေါ်လာကတည်းက တောက်လျှောက်စိတ်ဝင်စားဖွယ် ဆွဲခေါ်သွားတာ။ ဇာတ်ကားအဆုံးအထိ ဒါရိုက်တာရဲ့ ဖန်တီးဖမ်းစားမှုက အရမ်းကောင်းလွန်းလို့ ခံစားမိရပါတယ်” လို့ တိုကျိုပွဲစဉ်မှာ လာရောက်အားပေးကြည့်ခဲ့တဲ့ CDM သံအရာရှိ ဦးအောင်စိုးမိုးက  ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ CDM တွေရဲ့ ဘဝတွေ၊ ခက်ခဲကြမ်းတမ်းချင် ကြမ်းတမ်းမယ်၊ ဒါပေမယ့် ဒါရိုက်တာ ကိုပေါက် ပေးချင်တဲ့ မက်ချ်ဆေ့လို သစ္စာတရား အမှန်တရားမပျက် မိုးခါးရေမသောက်မိကြဖို့ ကြံကြံခံစေချင်တယ်” လို့ ဘဝတူ CDM တွေကို ဦးအောင်စိုးမိုးက တိုက်တွန်းပါတယ်။

တိုကျိုပွဲစဉ် ၈ ခုလုံးမှာ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေအပြင် ဂျပန်လူမျိုးတွေပါ လာရောက်အားပေးခဲ့ကြပြီး စုစုပေါင်း လူဦးရေ ၈၀၀ နီးပါးလာရောက်ခဲ့ကြပါတယ်။

လာရောက်ကြည့်ရှုခဲ့သူ ဝါရင့်ရုပ်ရှင်သရုပ်ဆောင် ဟန်နီထွန်းက “ကျမ အနေနဲ့ ဒီဇာတ်ကားကို အိုင်ဖုန်းနဲ့ ရိုက်ထားတာလို့ လုံးဝ မထင်နိုင်လောက်အောင် ရုပ်ရှင်ကားကြီးတခုလို အရမ်းပြည့်စုံပါတယ်။ အခက်အခဲများကြားက အခုလို ရိုက်နိုင်တဲ့ ဒါရိုက်တာ ကိုပေါက်ကို လေးစားချီးကျူးပါတယ်။ မပြည့်စုံတဲ့ကြားက အိုင်ဖုန်းတလုံးနဲ့ ပြည်သူနဲ့အတူ ခိုင်ခိုင်မာမာ ရပ်တည်ပေးခဲ့သော ဒါရိုက်တာ ကိုပေါက်လို မြန်မာအနုပညာရှင်များအနေနဲ့ တတ်နိုင်တဲ့ဘက်က အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်းပြသကာ ပြည်သူနဲ့အတူ ရပ်တည်သင့်ကြတယ်” လို့ ပြောပါတယ်။

နိုင်ငံတကာမှာ ပြသစဉ် ရုံပြည့်ရုံလျှံဖြစ်ခဲ့တာကြောင့် ဂျပန်နိုင်ငံမှာ ကြိုတင်လက်မှတ်စရောင်းတဲ့ နာရီပိုင်းအတွင်း အရောင်းကုန်သွားခဲ့ပြီး ပွဲစဉ်အချို့မှာ ဒါရိုက်တာ ကိုပေါက်နဲ့ ပွဲကြည့်ပရိသတ် တိုက်ရိုက်အမေးအဖြေတွေ ပြုလုပ်လုပ်ခဲ့ကြကာ ရုပ်ရှင်ပြပွဲအကျိုးအမြတ်အားလုံးကိုလည်း စစ်ကောင်စီဆန့်ကျင်ရေးမှာ အသုံးပြုမယ်လို့ ဆိုပါတယ်။

တိုကျိုပွဲစဉ် ၈ ခုအတွင်း အလှူငွေနဲ့ အစားအသောက်ရောင်းရငွေ ယန်း ၁.၂ သန်းနီးပါး ရရှိခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up