ခြေသလုံးဒဏ်ရာကြောင့် ဘင်ဖီကာနှင့် ချန်ပီယံလိဂ်ပွဲ မက်ဆီလွဲချော်မည်

ပီအက်စ်ဂျီတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ဘင်ဖီကာနဲ့ ဗုဒ္ဓဟူးနေ့မှာကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို ခြေသလုံးဒဏ်ရာကြောင့် လွဲချော်မှာဖြစ်ပါတယ်။
မက်ဆီဟာ ပေါ်တူဂီမြေမှာကစားခဲ့တဲ့ ပြီးခဲ့တဲ့တစ်ပတ်ပွဲစဉ်မှာ တစ်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဒဏ်ရာ အခြေအနေကြောင့် ပွဲချိန် ၈၁ မိနစ်မှာ လူစားလဲခဲ့ရပါတယ်။
တနင်္ဂနွေနေ့က ရီယန်စ်အသင်းနဲ့ လီဂူးဝမ်းပွဲစဉ်ကို လွဲချော်ခဲ့ပြီး ဘင်ဖီကာနဲ့ အိမ်ကွင်းပွဲစဉ်ကိုလည်း ဆက်ပြီးလွဲချော်မှာပါ။
မက်ဆီနဲ့အတူ နောက်ခံလူ ကင်ပမ်ဘီ၊ မန်ဒက်စ်၊ ရီနာတိုဆန်းချက်ဇ်တို့ဟာလည်း ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
မက်ဆီမပါဝင်ခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာ နည်းပြဂယ်တီယာက စပိန်ကစားသမား ဆာရာဘီယာကို ကစားစေခဲ့ပြီး ဂိုးမရှိသရေကျခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ဘင်ဖီကာနဲ့ ရမှတ် ၇ မှတ်စီတူညီပြီး အုပ်စုပထမနေရာမှာ ရပ်တည်နေပါတယ်။