ကမ္ဘာ့ဖလားပွဲစဉ်တိုင်းကခက်ခဲပြီး ကြိုတင်မှန်းဆမရဟု မက်ဆီပြော

ကမ္ဘာ့ဖလားပွဲစဉ်တိုင်းဟာခက်ခဲပြီး ကြိုတင်မှန်းဆလို့မရဘဲ ဘာမဆိုဖြစ်သွားနိုင်ကြောင်း အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီက ပြောပါတယ်။
မက်ဆီဟာ လာမယ့်ကာတာကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအသင်းကို ဆက်လက် ဦးဆောင်ရမှာဖြစ်ပြီး သူ့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲလည်း ဖြစ်လာမှာပါ။
မက်ဆီကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲစဉ်တိုင်းကခက်ခဲတာကြောင့် ရေပန်းစားမှုတွေနဲ့ မသက်ဆိုင်ဘဲ ဘာမဆိုဖြစ်သွားနိုင်တယ်လို့ ESPN နဲ့ အင်တာဗျူးမှာပြောခဲ့တာပါ။
မက်ဆီက “ကမ္ဘာ့ဖလားမှာ ကျနော်တို့အသင်းက ရေပန်းစားတဲ့အသင်းလားဆိုတာ ကျနော်လည်းမသိဘူး။ ဒါပေမဲ့ သမိုင်းအစဉ်အလာအရ စိန်ခေါ်နိုင်တဲ့အသင်းအဖြစ်တော့ အမြဲတမ်း သတ်မှတ်ခံရတယ်။ ဒီနှစ်ပြိုင်ပွဲမှာတော့ ကျနော်တို့ထက်ပိုပြီး ရေပန်းစားတဲ့အသင်းတွေ လည်းရှိပါတယ်။ တကယ်တော့ ရေပန်းစားမှုက သိပ်တော့မဆိုင်ပါဘူး။ ပွဲစဉ်တိုင်းက ခက်ခဲတဲ့အတွက် ဘာမဆိုဖြစ်သွားနိုင်တယ်” လို့ပြောပါတယ်။
ကမ္ဘာ့အဆင့် ၃ မှာရပ်တည်နေတဲ့ အာဂျင်တီးနားဟာ ကမ္ဘာ့ဖလားမှာ ပိုလန်၊ မက္ကဆီကို၊ ဆော်ဒီ အသင်းတွေနဲ့ အုပ်စု C မှာတွေ့ဆုံနေတာပါ။ ၂၀၂၂ ကာတာကမ္ဘာ့ဖလားဟာ သူ့အတွက် နောက်ဆုံး ကမ္ဘာ့ဖလားဖြစ်လိမ့်မယ်လို့လည်း မက်ဆီက အသိပေးသွားခဲ့ပါတယ်။