close

လေကြောင်းရန်ကာကွယ်ရေး ပိုမိုကူညီပေးရန် ယူကရိန်းသမ္မတက G7 နိုင်ငံများကို တောင်းဆို

လေကြောင်းရန်ကာကွယ်ရေးစွမ်းရည် ပိုရပြီး ရုရှားအစိုးရကို ဟန့်တားဖို့နဲ့ ဘီလာရုစ် နယ်စပ်မှာ နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးလုပ်ငန်းအဖွဲ့ မစ်ရှင်တခု အစပြုရေး ထောက်ခံကြဖို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးက ကမ္ဘာ့အင်အားကြီး ၇ နိုင်ငံအဖွဲ့ (G7) ရဲ့ ခေါင်းဆောင်တွေကို အောက်တိုဘာ ၁၁ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

မြို့တော်ကိယက်ဗ် အပါအဝင် ယူကရိန်းမြို့တွေကို ရုရှားက ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီးနောက် တရက်အကြာ G7 ခေါင်းဆောင်တွေရဲ့ အွန်လိုင်းအစည်းအဝေး တက်ရောက်လာတဲ့ ဇလန်းစကီးက ရုရှားအစိုးရကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့အရေးယူမှု အသစ်လုပ်ဖို့ တောင်းဆိုခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ထပ်မံဆွေးနွေးရေး အဆိုပြုချက်ကို ပယ်ချခဲ့ပါတယ်။

“ယူကရိန်းဟာ ခေတ်မီပြီး ထိရောက်တဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ အလုံအလောက်ရလာရင် ရုရှားရဲ့ အကြမ်းဖက်တိုက်ခိုက်မှု၊ ဒုံးကျည်နဲ့ တိုက်ခိုက်မှုတွေရဲ့ အဓိကအချက်က အလုပ်လုပ်တော့မှာ မဟုတ်ဘူး” လို့ ဇလန်းစကီးက ပြောပါတယ်။

IRIS-T လေကြောင်းရန်ကာကွယ်ရေးစနစ် ပေးပို့ရေး အရှိန်မြှင့်ပေးတဲ့အတွက် ဂျာမနီအဓိပတိ အော့လော့ဖ် ရွှိုက်ဇ်ကိုရော လေကြောင်းရန်ကာကွယ်ရေးစနစ် ပေးပို့ကူညီတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကိုပါ ကျေးဇူးတင်တယ်လို့ ဇလန်းစကီးက ဆက်ပြောပါတယ်။

ယူကရိန်းရဲ့ အနောက်နိုင်ငံ မဟာမိတ်တွေဟာ ဖေဖော်ဝါရီမှာ ရုရှားကျူးကျော်မှုနောက်ပိုင်း ယူကရိန်းအစိုးရကို အကူအညီတွေနဲ့ လက်နက်ကြီးတွေ တရစပ် ပေးပို့ခဲ့ပါတယ်။

ယူကရိန်းအစိုးရကလည်း ပိုအားကောင်းတဲ့လက်နက်တွေ ပိုမြန်မြန် ပို့ပေးဖို့ မေတ္တာရပ်ခံရင်း ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

ယူကရိန်းဟာ ဘဲလာရုစ်နိုင်ငံကို တိုက်ခိုက်ဖို့ အစီအစဉ်မရှိပေမဲ့ မြောက်ပိုင်း အိမ်နီးချင်းဆီက ခြိမ်းခြောက်မှုမရှိတာ သေချာစေချင်တယ်လို့ ဇလန်းစကီးက ပြောပါတယ်။

“ယူကရိန်းနဲ့ ဘီလာရုစ် နယ်စပ်မှာ လုံခြုံရေးအခြေအနေကို စောင့်ကြည့်ဖို့ နိုင်ငံတကာ အကဲခတ်တွေရဲ့ မစ်ရှင်တခု ထားရှိနိုင်ပါတယ်။ ဒီပုံစံကို သံတမန်တွေက အကောင်အထည်ဖော်လို့ ရပါတယ်။ G7 အဆင့်မှာ ဒီအစီအစဉ်ကို ပံ့ပိုးပေးဖို့ တောင်းဆိုပါတယ်” လို့ ယူကရိန်းသမ္မတက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up