close

ဗန်းမောက်တွင် တိုက်ပွဲပြင်းထန်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးများပြား

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာ တပတ်‌ကျော် ကြာမြင့်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးတာတွေ များပြားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းက နားမော်ရွာအနီး ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေ ထိခိုက်ကျဆုံးများသလို စစ်ကိုင်းအထူးတပ်ဖွဲ့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ယောက်လည်း ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

“တိုက်ပွဲက ဖြစ်နေတာ ၄ ရက်နေ့ကနေ ဒီနေ့အထိပါပဲဗျ။ ဒီနေ့ရောဆိုတော့ ၉ ရက်ရှိပြီဗျ။ စစ်ကောင်စီဘက်က အကျများသလို ကိုယ့်ဘက်ကလည်း ၆ ယောက်ကျပါတယ်။ စကစဘက်က အင်အား ၃၀၀ လောက်ရှိတာ အခု ၁၀၀ ကျော်လောက်ပဲ ကျန်တော့တယ်လို့ သိရတယ်ဗျ။”

ကျဆုံးရဲဘော်တွေက အင်းတော် PDF က မဟုတ်ဘဲ စစ်ကိုင်းအထူးတပ်ကဖြစ်ပြီး နာမည်တွေတော့ မသိရသေးဘူးလို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

နှစ်ဖက် ထိခိုက်ကျဆုံး များပြားပြီး လက်နက်တွေလည်း သိမ်းဆည်းရမိတယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုထားပါတယ်။ 

အဆိုပါတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ထားတာ မရှိသလို ထိခိုက်ကျဆုံးစာရင်းကို ဒီဗွီဘီ အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up