တိုက်စစ်မှူး အူဘာမီယန်း၏ ဝေဖန်မှုအပေါ် နည်းပြအာတီတာ ပြန်လည်တုံ့ပြန်

နာမည်ကြီးကစားသမားတွေကို ကိုင်တွယ်နိုင်စွမ်းမရှိဘူးလို့ တိုက်စစ်မှူးအူဘာမီယန်းရဲ့ ဝေဖန်မှုကို အာတီတာက ပြန်လည်တုံ့ပြန်သွားပါတယ်။
အခုနှစ်ရာသီလောက် စည်းလုံးညီညွတ်မှုရှိတဲ့ အဝတ်လဲခန်းကို အရင်တခါမှ မတွေ့ခဲ့ရကြောင်း နည်းပြအာတီတာက ပြန်လည် တုံ့ပြန်ခဲ့တာပါ။
ပျော်ရွှင်မှုတွေနဲ့ အလုပ်ပိုမိုကြိုးစားကြသလို အသင်းတာဝန်ရှိသူတွေနဲ့ ဆက်ဆံရေးဟာလည်း ဒီ နှစ် ရာသီက ပိုကောင်းပြီး ဒီလိုအသင်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ရတာဟာ ဂုဏ်ကျေနပ်စရာ ကောင်းကြောင်း နည်းပြအာတီတာကပြောပါတယ်။
အူဘာမီယန်းဟာ အာဆင်နယ်မှာရှိစဉ်က စည်းကမ်းပိုင်းဆိုင်ရာပြဿနာတွေကြောင့် နည်းပြအာတီတာနဲ့ အဆင်မပြေဖြစ်ခဲ့ပြီး ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့တာပါ။
အဲဒီနောက် အခုနှစ်ရာသီမှာ အာဆင်နယ်ရဲ့ဒါဘီပြိုင်ဘက် ချဲလ်ဆီးအသင်း ဆီပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။