မြောက်ကယ်ရိုလိုင်းနားတွင် ရဲအရာရှိ ၁ ဦး အပါအဝင် လူ ၅ ဦး ပစ်သတ်ခံရ

မြောက်ကယ်ရိုလိုင်းနားမြို့တော် Raleigh မှာ အောက်တိုဘာ ၁၃ ရက်က ရဲအရာရှိတယောက် အပါအဝင် လူ ၅ ယောက် ပစ်သတ်ခံခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မြို့တော်ရဲ့ တစိတ်တပိုင်းကို ပိတ်ဆို့လိုက်ပြီး ရှာဖွေမှုကြီးကြီးမားမား လုပ်ခဲ့တာကြောင့် သံသယရှိသူတယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ပစ်ခတ်မှုကြောင့် ရဲအရာရှိ အပါအဝင် ၂ ယောက် ဒဏ်ရာရခဲ့ပြီး ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း မြို့တော်ဝန် Mary-Ann Baldwin က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
မြို့ရဲ့အစိတ်အပိုင်းတွေကိုဖြတ်သွားတဲ့ Neuse မြစ် Greenway လမ်းပိုင်းအနီးမှာ ညနေ ၅ နာရီလောက်က ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။
ရဲတပ်ဖွဲ့က သေနတ်သမားလို့ သံသယရှိတဲ့ လူဖြူ ဆယ်ကျော်သက် အမျိုးသားတယောက်ကို သေနတ်ရှည်တလက်နဲ့ တွေ့ရှိခေါ်ဆောင်ထားပေမဲ့ ဖမ်းဆီးထားခြင်း မရှိသေးဘူးလို့ ပစ်ခတ်မှုဖြစ်ပွားအပြီး ၃ နာရီလောက်အကြာမှာ Baldwin က ပြောပါတယ်။
Raleigh ရဲတပ်ဖွဲ့က နောက်ပိုင်းမှာ “သံသယရှိသူကို ဖမ်းဆီးခေါ်ဆောင်သွားပါပြီ” လို့ တွစ်တာမှာ ပြောကြားခဲ့ပါတယ်။