ချင်းရိုင်းတွင် မူးယစ်ဆေးသယ်ဆောင်သူကို ပစ်ခတ်ဖမ်းဆီး၊ ၁ ဦးသေဆုံးပြီး စိတ်ကြွဆေး ၄ သန်းဖမ်းမိ

ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းမြို့နယ်မှာ အောက်တိုဘာ ၁၃ ရက် ညက မြန်မာနယ်စပ်ဘက်ကနေ မူးယစ်ဆေးဝါးသယ်လာတဲ့ ကားတစီးကို ထိုင်းမူးယစ်ရဲတွေ ပစ်ခတ်ဖမ်းဆီးခဲ့ပြီး လူတယောက် သေဆုံးကာ စိတ်ကြွဆေးပြားပေါင်း ၄ သန်း ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
ချင်းရိုင်းခရိုင် မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်နဲ့ နယ်စပ်လုံခြုံရေးစစ်တပ်တို့ ပူးပေါင်းပြီး မနေ့က ချင်းရိုင်းမြို့နယ် ဘန့်ဒူအုပ်စု ဘန့်ဆန်တိရွာအပိုင်း ဖဟွန်ယိုးထင်း လမ်းမကြီးပေါ်မှာ စောင့်ကြပ်စစ်ဆေးစဉ် ည ၁၁ နာရီလောက်မှာ မသင်္ကာဘွယ် မီးခိုးရောင်ဟိုင်းလပ်စ်ကား ၁ စီး နယ်စပ်ဘက်ကနေ မောင်းဝင်လာတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက စစ်ဆေးဖို့ရပ်ခိုင်းလိုက်ရာမှာ ကားထဲလိုက်ပါလာသူ တယောက်က သေနတ်နဲ့ စပစ်လို့ တာဝန်ရှိသူကလည်း ပြန်ပစ်ခဲ့ကြောင်း ၃ မိနစ်လောက် အပြန်အလှန်ပစ်ပြီး အသံငြိမ်သွားလို့ ဝင်ရောက်စစ်ဆေးရာမှာတော့ သူတို့ကိုစပစ်တဲ့သူ သေနတ်မှန်သေဆုံးပြီး ယာဉ်မောင်းကို အရှင်ဖမ်းမိကြောင်း ၊ ကားနံပါတ်ပြားမှာ အတုဖြစ်ပြီး အဆိုပါ ကားပေါ်မှာ အိတ်ပေါင်း ၂၀ လုံးထဲ ထည့်လာတဲ့ 999 အမှတ်တံဆိပ် စိတ်ကြွဆေးပြား စုစုပေါင်း ၄ သိန်းကို ဖမ်းဆီးရမိတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
အရှင်ဖမ်းမိသူမှာ အသက် ၃၄ နှစ်ရွယ်ရှိ ထိုင်းနိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်သူ လားဟူတိုင်းရင်းသားဖြစ်ပြီး ချင်းရိုင်းခရိုင် မယ့်ကျန်းမြို့နယ် ဘန့်ပန်ဆာရွာသားဖြစ်ကြောင်း၊ သေဆုံးသူကတော့ ဘယ်သူဘယ်ဝါဆိုတာ မသိသေးဘဲ စုံစမ်းနေဆဲဘဲလို့ တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါမူးယစ်ဆေးဝါးတွေဟာ ချင်းရိုင်းခရိုင် မယ့်ဖာ့လုန်မြို့နယ်နဲ့ မျက်နှာချင်းဆိုင် အိမ်နီးချင်းနိုင်ငံရှိ လားဟူအဖွဲ့ကလာပြီး လိုအပ်သလို ဆက်လက်စစ်ဆေးအရေးယူဖို့ ဘန့်ဒူရဲစခန်းကို ပို့ဆောင်ထားသလို သေဆုံးသူရဲ့အလောင်းကိုလည်း မှုခင်းဆရာဝန်က စစ်ဆေးဖို့ ဆေးရုံကိုပို့ထားပါတယ်။
အောက်တိုဘာ ၆ ရက်ကလည်း ချင်းရိုင်းခရိုင်ကသယ်လာတဲ့ စိတ်ကြွဆေးပြား ၆ သန်းခွဲနဲ့ ခေတာမင်းဆေး ၅၀ ကီလိုဂရမ်ကို လုပ်ပူရီခရိုင် ထာ့ဝုန့်မြို့နယ်ထဲမှာ ဖမ်းဆီးရမိပါတယ်။
ချင်းရိုင်းကလာတဲ့ ကားသုံးစီးဟာ စစ်ဆေးရေးဂိတ်တွေ ကွေ့ရှောင်ပြီးမောင်းလာပေမဲ့ လုပ်ပူရီမှာရောက်တော့ နှစ်စီးအဖမ်းခံရပြီး တစီးထွက်ပြေးသွားလို့ ထွက်ပြေးတဲ့ကားနောက် ရဲတွေ လိုက်ဖမ်းရာမှာ အဆိုပါကားဟာ လမ်းခုလတ်တနေရာမှာ ပျက်သွားကြောင်းနဲ့ တာဝန်ရှိသူတွေ သွားကြည့်တော့ ယာဉ်မောင်း ထွက်ပြေးလွတ်မြောက်သွားပြီး ကားပေါ်မှာ မူးယစ်ဆေးတွေ သယ်လာတာတွေ့ရှိတယ်လို့ ဆိုပါတယ်။
အဆိုပါကား သုံးစီးလုံး တဖွဲ့တည်းဖြစ်ပြီး စုစုပေါင်း စိတ်ကြွဆေး ၆ သန်းခွဲနဲ့ ခေတာမင်းဆေး ၅၀ ကီလိုဂရမ် ဖမ်းမိခဲ့ပါတယ်။
ပထမ ကားနှစ်စီးရဲ့ ယာဉ်မောင်းတွေဟာ တာ့ခ်ခရိုင် ဖုပ်ဖရမြို့နယ်ကဖြစ်ပြီး ထွက်ပြေး လွတ်မြောက်သူက သူတို့ကို မူးယစ်ဆေးသယ်ပေးဖို့ အခကြေးငွေ ဘတ် ၂ သိန်းစီနဲ့ စေခိုင်းခဲ့တာလို့ ထွက်ဆိုသွားပါတယ်။