close

မောင်တောတွင် ရေလမ်း၊ ကုန်းလမ်း ပိတ်ထားသဖြင့် ဘဏ်ငွေကြေးများအား စစ်ရဟတ်ယာဥ်ဖြင့် သယ်နေရ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ရှိ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေကို စစ်ကောင်စီက ရေလမ်း၊ ကုန်းလမ်းတွေ ပိတ်ထားတဲ့အတွက် အစိုးရဘဏ်နဲ့ ပုဂ္ဂိကဘဏ်တွေအတွက် လိုအပ်တဲ့ ငွေကြေးတွေကို စစ်တွေမြို့ကတဆင့် စစ်ရဟတ်ယာဥ်တွေနဲ့ သယ်ယူနေရတယ်လို့ ဘဏ်တာဝန်ရှိသူတွေထံက သိရပါတယ်။

မောင်တော မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းတယောက်က “ငွေတွေကို လေကြောင်းနဲ့ သယ်ယူနေရတာ ၂၀၂၁ မှာ အနည်းငယ်ရှိခဲ့တယ်။ အခု ရေလမ်းနဲ့ ကုန်းလမ်း ပိတ်လိုက်ကတည်းက လစဥ်သယ်ယူနေကြရတာ။ စစ်တွေပြည်နယ်ဘဏ်က စာရင်းတွေ ပြုလုပ်ပြီး စစ်ရဟတ်ယာဥ်နဲ့သယ်လာပြီး မောင်တော နခခ ၅ ကနေ ဘဏ်တွေကို သယ်ယူသွားရတာ” လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ်ကလည်း ဘူးသီးတောင်မြို့နယ်အတွင်း အေအေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲတွေ ပြင်းထန်ခဲ့စဥ်က ၃ လလောက် မောင်တောခရိုင်ရှိ ဘဏ်တွေက ငွေ​သားတွေကို စစ်ရဟတ်ယာဥ်တွေနဲ့ သယ်ယူပေးခဲ့ရပါတယ်။

အခု မောင်တော-အငူမော်-စစ်တွေလမ်းအပြင် ဘူးသီးတောင်-ရသေ့တောင်-စစ်တွေလမ်းတွေပါ စစ်ကောင်စီက အကန့်အသတ်မဲ့ ပိတ်ထားတာကြောင့် မောင်တောခရိုင်က ဘဏ်တွေအတွက် လိုအပ်တဲ့ငွေကြေးတွေကို စစ်တွေကတဆင့် စစ်ရဟတ်ယာဥ်တွေနဲ့ တလ ၂ ကြိမ် သယ်ယူနေကြရတာလည်း ဖြစ်ပါတယ်။

မောင်တောမြို့မှာ မြန်မာ့စီးပွားရေးဘဏ် အပါအဝင် ကမ္ဘောဇဘဏ်ခွဲ၊ ကမ္ဘာ့ရတနာဘဏ်ခွဲ စတဲ့ ဘဏ်သုံးခုရှိနေပြီး ဘူးသီးတောင်မြို့မှာ မြန်မာ့စီးပွားရေးဘဏ် တခုတည်းသာ ရှိနေတာပါ။

မောင်တောနဲ့ ဘူးသီးတောင်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲတွေမှာ အစိုးရဝန်ကြီးဌာနတွေနဲ့ စစ်ဘက်ရေးရာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လစာငွေတွေအတွက် တလကို သိန်း ၂၀,၀၀၀ လောက် စစ်တွေကနေ သယ်ယူနေကြရပြီး ပုဂ္ဂိကဘဏ်တွေမှာလည်း သိန်းပေါင်းသောင်းချီတဲ့ ငွေတွေကို စစ်ရဟတ်ရေယာဥ်နဲ့ သယ်ယူနေရတာဖြစ်ကြောင်း ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတယောက်က ပြောပါတယ်။

“ကျနော်တို့ ပုဂ္ဂလိကဘဏ်တွေ မောင်တောမှာ စဖွင့်ကတည်းက မောင်တောက အစိုးရဘဏ် စစ်တွေကို ငွေသွားထုတ်တဲ့အချိန်နဲ့ လိုက်ထုတ်ကြရတာ။ အခုလည်း ရဟတ်ယာဥ်နဲ့ပို့နိုင်ဖို့ အထက်လူကြီးတွေ ညှိနှိုင်းပေးလို့ပါ။ မဟုတ်ရင် မလွယ်ပါဘူး။”

မောင်တော-အငူမော်လမ်းမှာ တိုက်ပွဲတွေကြောင့် သြဂုတ် ၁၄ ရက်ကစပြီး အဲဒီလမ်းကို စစ်ကောင်စီက အကန့်အသတ်မရှိ ပိတ်ထားခဲ့ကာ စက်တင်ဘာ ၁၅ ရက်နေ့မှာတော့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ရွှေပြည်တန် အမြန်ရေယာဉ်နဲ့ ပြည်တွင်းသင်္ဘောတွေကို ဘူးသီးတောင်-ရသေ့တောင်မြို့တွေဆီ ပြေးဆွဲတာကို အကန့်အသတ်မရှိ ရပ်တန့်ထားခဲ့ပါတယ်။

မောင်တောခရိုင်ကို ကုန်းလမ်းရော ရေလမ်းကပါ အကန့်အသတ်မရှိ ပိတ်ထားတာ ၂ လကျော်အထိ ရှိနေပြီဖြစ်တာကြောင့် ပြည်သူတွေရဲ့ စားနပ်ရိက္ခာလိုအပ်မှု များပြားလာနေပြီး ဘဏ်တွေအတွက် ငွေကြေးတွေကိုပါ စစ်ကောင်စီရဟတ်ယာဥ်တွေနဲ့ သယ်ယူနေကြရတာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up