ဗီယက်နမ်နိုင်ငံတွင် မိုးဆက်တိုက်ရွာသွန်းပြီး ရေဘေးကြုံတွေ့

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ဒါနောင်းမြို့မှာ ၁၂ နာရီကြာအောင် မိုးဆက်တိုက် ရွာသွန်းခဲ့ပြီးနောက် ကမ္ဘာ့လှည့်ခရီးသွားတွေ လည်ပတ်လေ့ရှိတဲ့ မြို့မှာ အောက်တိုဘာ ၁၄ ရက်နှောင်းပိုင်းမှာ ရုတ်တရုတ် ရေဘေး ကြုံနေရပါတယ်။
နိုင်ငံပိုင် ရုပ်မြင်သံကြားက ပြသတဲ့ ရေကြီး သတင်းမှာ လမ်းတွေ၊ အိမ်တွေ၊ ရေမြှုပ်နေပြီး လမ်းပေါ် လူတွေ ခရီးဆက်မသွားနိုင်ဘဲ ပိတ်မိနေတာကို တွေ့ရပါတယ်။ တချို့လည်း အိမ်ထဲကနေ အိမ်အပြင် မထွက်နိုင်ဘဲ ပိတ်မိနေပါတယ်။ အခုလို ရေမကြိးတာ နှစ်ပေါင်း ၃၀ လောက် ရှိနေပြီလို့ မြို့ခံတွေက ပြောပါတယ်။
မြို့လယ်ခေါင် လမ်းပေါ်မှာ ရေဟာ ၅ မိနစ်၊ ၁၀ မိနစ်အတွင်း တမိတာခွဲလောက် ရုတ်တရက် တက်လာတာကြောင့် လမ်းသွားလမ်းလာတွေ အခုလို ပိတ်မိကုန်တာပါ။
ရေဘေးကြောင့် ကားတွေ ရာနဲ့ချီ ပျက်စီးသွားသလို၊ အာဏာပိုင်တွေဟာ အသက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို ဦးစားပေး ကယ်ထုတ်နေရတာကို နိုင်ငံပိုင်သတင်းမှာ ပြသပါတယ်။
အောက်တိုဘာ ၁၅ ရက်မှာတော့ မြို့အာဏာပိုင်တွေဟာ လမ်းတွေကို ရှင်းလင်းရင်း အပျက်အစီးတွေကို စာရင်းကောက်ယူနေပါတယ်။
မိုးလည်း စဲသွားပြီဖြစ်လို့ ရေလည်း တဖြည်းဖြည်း ပြန်ကျသွားပါပြီ၊ ဒါနောင်းမြို့ မြောက်ဘက် ကီလိုမီတာ ၁၀၀ အကွာမှ ရှိတဲ့ ဟူး မြို့မှာလည်း မိုးသည်းထန်ပြီး ရေကြီးနေတာကြောင့် လူတွေဟာ လှေငယ်တွေနဲ့ သွားလာနေရပါတယ်။
ဗီယက်နမ်ရဲ့ ရှည်လျားတဲ့ ကမ်းရိုးတန်းပေါ်မှာ တည်ရှိတဲ့ ဒါနောင်းနဲ့ ဟူး မြို့တွေဟာ မုန်တိုင်းဒဏ်၊ ရေကြီးမှုဒဏ်တွေကို ပုံမှန်လို ကြုံရတဲ့ မြို့တွေ ဖြစ်ပါတယ်။