ယူကရိန်းရှိ ရုရှားတပ်ဖွဲ့ဝင်များ ခဲယမ်းမီးကျောက်ပြတ်လပ်လာ

ယူကရိန်းစစ်ပွဲ ၇ လကျော်ကြာပြီးတဲ့နောက် ယူကရိန်းမှာရှိတဲ့ ရုရှားတပ်ဖွဲ့ဝင်တွေမှာ ခဲယမ်းမီးကျောက်တွေ ပြတ်လပ်ကုန်ပြီလို့ ဗြိတိန်သူလျှိုအေဂျင်စီ GCHQ ရဲ့ အကြီးအကဲက အောက်တိုဘာ ၁၁ ရက်မှာ ပြောပါတယ်။
ရုရှားနိုင်ငံဟာ ယူကရိန်းမှာ စစ်ဆင်ရေးစတည်းက စက်ပစ္စည်းတွေနဲ့ ဝန်ထမ်းတွေ အဆုံးအရှုံးက အံ့မခန်းများနေတယ်လို့ GCHQ ထောက်လှမ်းရေးအေဂျင်စီရဲ့ ဒါရိုက်တာ ဂျေရေမီ ဖလဲမင်းက ပြောပါတယ်။
“အကျဉ်းသားတွေကို စစ်ကူအဖြစ်သုံးတာနဲ့ အတွေ့အကြုံမရှိတဲ့ စစ်မှုထမ်း ထောင်ပေါင်းများစွာကို စည်းရုံးတာဟာ အလွန်အမင်း စိတ်ပျက်စရာကောင်းတဲ့ အခြေအနေတရပ်ကို ပြောနေတာ” လို့ Royal United Services Institute ရဲ့ နှစ်စဉ် လုံခြုံရေးဆိုင်ရာ ဟောပြောပွဲမှာ ဖလဲမင်းက ပြောပါတယ်။
ရုရှားပြည်သူတွေဟာလည်း ယူကရိန်းပဋိပက္ခနဲ့ ပတ်သက်ပြီး ရုရှားအစိုးရရဲ့ ဆိုးရွားတဲ့ အခြေအနေကို နားလည်လာနေပြီ၊ ပူတင်က အခြေအနေကို ဘယ်လောက်ဆိုးဆိုးရွားရွား လွဲလွဲမှားမှား သုံးသပ်နေလဲဆိုတာ သူတို့မြင်နေရတယ်လို့လည်း GCHQ ရဲ့ အကြီးအကဲက ပြောပါတယ်။