ယူကရိန်းကို ဒုံးကျည်ဖြင့်ပစ်ခဲ့သည့် ရုရှားလုပ်ရပ် စစ်ရာဇဝတ်မှုမြောက်ဟု အမေရိကန် ပြော

ယူကရိန်းအပေါ် ရုရှားက ဒုံးကျည်နဲ့ ခွဲခြားမှုမရှိဘဲ သိမ်းကျုံးတိုက်ခိုက်နေတာကို အမေရိကန် ကာကွယ်ရေးဦးစီးချုပ် မာ့ခ်မီလီက အောက်တိုဘာ ၁၂ ရက်မှာ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
ရုရှားရဲ့လုပ်ရပ်ဟာ နိုင်ငံတကာ စစ်စည်းမျဉ်းအရ စစ်ရာဇဝတ်မှုဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ ကိုက်ညီနေတယ်လို့လည်း သူက အကြံပြုလိုက်ပါတယ်။
“ရုရှားဟာ ယူကရိန်းက သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေကို ပစ်မှတ်ထားတယ်၊ အရပ်သားပစ်မှတ်တွေကို ခွဲခြားမဆက်ဆံဘဲ တမင်တကာ တိုက်ခိုက်တာဟာ နိုင်ငံတကာ စစ်စည်းမျဉ်းအရ စစ်ရာဇဝတ်မှုပဲ” လို့ မာ့ခ်မီလီက ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်မှာရှိတဲ့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးရဲ့ ဌာနချုပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
ယူကရိန်းမှာ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၉ ယောက် သေဆုံးပြီး အယောက် ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
နိုင်ငံတဝန်း လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားပြီး မြို့တွေကို ကာကွယ်ဖို့ လေကြောင်းရန် ကာကွယ်ရေး တောင်းဆိုမှုတွေ အရေးတကြီး အသစ်ထပ်မံတိုးလာခဲ့ပါတယ်။ ယူကရိန်းကိုကူညီဖို့ အမေရိကန်နဲ့ တခြားမိတ်ဘက်တွေ အဆင်သင့်ရှိတယ်လို့လည်း မီလီက ပြောပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ နျူလက်နက်သုံးမယ့် ခြိမ်းခြောက်မှုကို ရှုတ်ချပေမဲ့ လက်တွေ့ဖြစ်လာနိုင်မယ့် အရိပ်အယောင် မရှိသေးဘူးလို့ ပြောခဲ့ပါတယ်။
ရုရှားအစိုးရကတော့ အနောက်နိုင်ငံတွေက ယူကရိန်းအစိုးရကို ထောက်ခံနေတာဟာ ပဋိပက္ခကို အရှိန်မြှင့်နေတာလို့ စွပ်စွဲခဲ့ပါတယ်။