close

အာဏာသိမ်းစစ်အုပ်စု ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂၃၆၀ ကျော်ထိ ရှိလာ

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၃၆၁ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၅,၈၇၃ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၂,၆၇၂ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၅၄၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၈၄ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၆ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၁၇၉ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၈၀ ခုထက်မနည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ နဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရတဲ့ ကိုမောင်ငယ်ဟာ လွိုင်ကော် အကျဉ်းထောင်တွင်း လုံလောက်တဲ့ ဆေးကုသခွင့် မရတာကြောင့် အောက်တိုဘာ ၁၃ ရက်က ထောင်ထဲမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ 

သူ့ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က လွိုင်ကော်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်နွှယ်တယ်လို့ စွပ်စွဲခံခဲ့ရပြီး အ ကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ နဲ့ တရားစွဲဆိုခံခဲ့ရတာပါ။ သူ့ရဲ့ ရုပ်အလောင်းကို မိသားစုက ပြန်လည် ရရှိခြင်း မရှိခဲ့ပါဘူး။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ဒိုးဝိုင်းချောင်းကျေးရွာမှာ နေထိုင်တဲ့ ကျင်ဗျက်ဆန် (Cin Biak Sang) ဟာ ကလေးမြို့၊ တာဟန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်မှာ အကြမ်းဖက်စစ်အုပ်စုတပ်က စစ်ဆေးနေချိန်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ ဖမ်းဆီးခံရချိန်ကတည်းက မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရရှိခဲ့ဘဲ အောက်တိုဘာ ၁၄ ရက်မှာတော့ ကျင်ဗျက်ဆန်ရဲ့ ရုပ်အလောင်းကို ပြန်လည်ယူဆောင်ဖို့ အကြမ်းဖက်စစ်အုပ်စုတပ်က သူ့ရဲ့မိသားစုဝင်တွေကို အကြောင်းကြားခဲ့ပြီး ရုပ်အလောင်းရဲ့ ကျောဘက်မှာတော့ ဒဏ်ရာအများအပြား တွေ့ရှိရတယ်လို့ မိသားစုက ပြောပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up