ပါရီမြို့တွင် အလုပ်သမားများ လုပ်ခလစာတိုးမြှင့်ပေးရေး တောင်းဆိုဆန္ဒပြ

ပြင်သစ်နိုင်ငံ ပါရီမြို့မှာ အောက်တိုဘာ ၁၈ ရက်က လုပ်ခလစာ တိုးတောင်းတဲ့ ဆန္ဒပြသူတွေဟာ ရဲတွေရှေ့က အတားအဆီးတွေကို ဖယ်ရှားပြီးချိန်မှာ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေနဲ့ အနီးကပ် ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
ပြင်သစ်နိုင်ငံမှာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး ငွေကြေးဖောင်းပွမှုနဲ့ ကြုံနေချိန် စက်ရုံ အလုပ်ရုံ အလုပ်သမဂ္ဂတွေက ဦးဆောင်ပြီး လုပ်ခလစာ တိုးမြှင့်ပေးရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာပါ။
အောက်တိုဘာ ၁၈ ရက်နေ့ ပြည်လုံးကျွတ် သပိတ်တွေကြောင့် ပြင်သစ် နယူးကလီးယား ဓာတ်အားပေးစက်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့ လုပ်သားအင်အား သုံးပုံတပုံအထိ အလုပ်မဝင်ကြတော့ဘူးလို့ သမဂ္ဂတွေက ဆိုပါတယ်။ ဒေသတွင်း ပြေးဆွဲတဲ့ ရထားခရီးစဉ် တဝက်လောက်လည်း မနေ့က ရပ်နားထားရပါတယ်။
သံရည်ကြို စက်ရုံ အလုပ်သမားတွေရဲ့ သပိတ်ဟာလည်း မေလမှာ ပြန်အရွေးခံရတဲ့ သမ္မတ မက်ခရွန် လက်ထက်မှာ အပြင်းထန်ဆုံးနဲ့ အရှည်ကြာဆုံး သပိတ်တခု ဖြစ်ပါတယ်။
BFM ရုပ်မြင်သံကြားက ပြုလုပ်တဲ့ စစ်တမ်းမှာ ပြည်သူလူထုရဲ့ ၃၉ ရာခိုင်နှုန်းက သပိတ်ကို ထောက်ခံကြပြီး ၄၉ ရာခိုင်နှုန်းလောက်က ကန့်ကွက်ကြပါတယ်။