ရုရှား ဗုံးကြဲလေယာဉ် လူနေအဆောက်အအုံပေါ် ပျက်ကျပြီး အနည်းဆုံး ၁၅ ဦးသေဆုံး

ရုရှားနိုင်ငံတောင်ပိုင်းက ယေးစ်မြို့မှာ ရုရှား စစ်တပ်က ဗုံးကြဲ လေယာဉ်တစင်း လူနေအဆောက်အအုံပေါ် မတော်တဆပျက်ကျပြီး လူ ၁၅ ယောက်အထိ သေဆုံးနိုင်ကာ ၂၅ ယောက်လောက် ဒဏ်ရာရနိုင်တယ်လို့ ခရက်နိုဒါ ဒေသ လက်ထောက်အုပ်ချုပ်ရေးမှူး အန်နာမင်ကိုဗာက ပြောပါတယ်။
SU-34 အမျိုးအစား ဗုံးကြဲလေယာဉ်ဟာ လူနေ အဆောက်အအုံတခုပေါ် တနင်္လာနေ့ ညနေပိုင်းမှာ ပျက်ကျခဲ့တာဖြစ်ပြီး မတော်တဆ ဖြစ်တဲ့ နေရာဟာ ရုရှားက ထိန်းချုပ်ထားတဲ့ ယူကရိန်းအပိုင် ကမ်းရိုးတန်း ဒေသအနီးမှာ တည်ရှိတာပါ။
အသံထက်မြန်တဲ့ စူပါဆွန်းနစ်ဂျက် လေယာဉ်ဟာ လေ့ကျင့်နေစဉ်အတွင်း အင်ဂျင်စက်တလုံး မီးလောင်ပြီး ပေါက်ကွဲကာ လူနေအဆောက်အအုံပေါ် ပျက်ကျခဲ့တာလို့ ရုရှား ကာကွယ်ရေးဌာနက ပြောပါတယ်။
လေယာဉ်ပျက်ကျပြီးနောက် လူနေ အဆောက်အအုံရဲ့ အလွှာတွေ အတော်များများ မီးလောင်ခဲ့ပြီး၊ ဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ မြင်တွေ့ခဲ့ရသူတွေက ပြောပါတယ်။