close

ရခိုင်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် အိုးအိမ်စွန့်ထွက်ပြေးရသူပေါင်း ၉၀,၀၀၀ ကျော်ရှိ၊ နိုင်ငံတဝန်း ၁ ဒသမ ၄ သန်းကျော်ရှိလာ

ရခိုင်ပြည်နယ်နဲ့  ချင်းပြည်နယ်တောင်ပိုင်းမှာ တကျော့ပြန် စစ်ရေးပဋိပက္ခကြောင့် သြဂုတ်လကစပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၁၆,၀၀၀ ကျော်ရှိလာပြီး အရင်ကတည်းက ရှိနေသူတွေနဲ့ပါဆိုရင် နေရပ်စွန့်ခွာထွက်ပြေးရသူ စုစုပေါင်း ၉၀,၀၀၀ ကျော်အထိရှိလာပြီလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA)က ဒီကနေ့ ထုတ်ပြန်ပါတယ်။ 

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေရပ်စွန်ခွာထွက်ပြေးရသူတွေနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လိုအပ်ချက်အသစ်တွေ ဖြစ်ပေါ်နေကြောင်းလည်း ဆိုပါတယ်။

ဒါ့အပြင်  ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံနဲ့ ရသေ့တောင်မြို့နယ်တွေမှာ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ ဝင်ရောက်ဖို့ ကန့်သတ်ချက်တွေရှိနေတာကြောင့် လုပ်ငန်းနှောင့်နှေးမှုတွေရှိနေကြောင်းလည်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

အလားတူ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာလည်း  အခုလ စောပိုင်းကစပြီး   ရွှေကူမြို့နယ်အတွင်း ကျေးရွာအများအပြားမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် လူ ၁၀၀၀ လောက် ရွှေကူမြို့ပေါ်ကို အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အောက်တိုဘာ ၁၇ ရက်အထိ ဒေသခံမိတ်ဖက်အဖွဲ့တွေရဲ့သတင်းအချက်အလက်အရ အဆိုပါ တိုက်ပွဲရှောင်အများစုဟာလုံခြုံရေးအခြေအနေပြန်လည်ကောင်းမွန်တဲ့သက်ဆိုင်ရာ ကျေးရွာတွေကို ပြန်သွားကြတဲ့အတွက် ယာယီစခန်းတွေမှာ ကျန်ရစ်သူ ၁၅၂ ဦးရှိနေသေးတယ်လို့ ဆိုပါတယ်။ 

အလားတူ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းနဲ့ အနောက်မြောက်ပိုင်းတွေမှာ စစ်ကောင်စီတပ်ကတစ်ဖက်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေကတဖက် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်းနဲ့ စစ်ကိုင်းတိုင်း မြို့နယ်အများအပြားမှာ ချုံခိုတိုက်ခိုက်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားနေလို့ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေကို ဆက်လက်ဆိုးရွားစေကြောင်းလည်း UNOCHA က ထောက်ပြထားပါတယ်။

အောက်တိုဘာ ၁၀ ရက်အထိ နောက်ဆုံးစာရင်းတွေအရ မြန်မာနိုင်ငံတဝန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူဦးရေဟာ  ၁ ဒသမ ၄သန်းကျော် ရှိလာပြီး ဒီအထဲကမှ လူဦးရေ ၁ သန်းကျော်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့်ဖြစ်တယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up