မြောက်ကိုရီးယားက တောင်ကိုရီးယားဘက်ကို အမြောက်လက်နက်ကြီးဖြင့် သတိပေးပစ်ခတ်

မြောက်ကိုရီးယားဟာ တောင်ကိုရီးယားကို ပြင်းပြင်းထန်ထန် သတိပေးတဲ့အနေနဲ့ သူ့ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက် ကမ်းရိုးတန်းဘက်ကို အမြောက်လက်နက်ကြီးတွေနဲ့ သတိပေး ပစ်ခတ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က အောက်တိုဘာ ၁၉ ရက်မှာ ကြေညာပါတယ်။
“အလေးအနက် သတိထပ်ပေးတဲ့အနေနဲ့ အရှေ့ဘက်နဲ့ အနောက်မျက်နှာစာရှိ KPA တပ်ဖွဲ့တွေဟာ အင်အားကောင်းတဲ့ စစ်ရေးတန်ပြန်မှုအဖြစ် အောက်တိုဘာ ၁၈ ရက် ညပိုင်းမှာ အရှေ့ဘက်နဲ့ အနောက်ပင်လယ်ဘက်ကို ခြိမ်းခြောက်ပစ်ခတ်မှုတွေကို ပြုလုပ်ခဲ့တာ” လို့ KCNA သတင်းကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားဟာ ည ၁၀ နာရီလောက်မှာ အနောက်ဘက်ကမ်းရိုးတန်းကနေ ပင်လယ်ထဲကို အမြောက် အချက် ၁၀၀ လောက် ပစ်ခတ်ခဲ့ပြီး သူ့ရဲ့အရှေ့ဘက်ကမ်းရိုးတန်းမှာ နောက်ထပ် ကျည် ၁၅၀ ပစ်ခတ်ခဲ့ကြောင်း တောင်ပိုင်းရဲ့ ပူးတွဲစစ်ဦးစီးချုပ်က ပြောပါတယ်။
ဆိုးလ်ဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်စွမ်း မြှင့်တင်ဖို့ ရည်ရွယ်ပြီး နှစ်စဉ် ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှု စတင်ပြီးနောက်မှာ ခုလို ပစ်ခတ်ခဲ့တာပါ။
မြောက်ပိုင်းကိုဆန့်ကျင်တဲ့ တောင်ပိုင်းရဲ့ စစ်ရေးလေ့ကျင့်မှုတွေက အလောတကြီးနဲ့ ကမူးရှူးထိုး ဖြစ်နေတယ်လို့ မြောက်ကိုရီးယားရဲ့ ကိုရီးယားပြည်သူ့တပ်မတော် (KPA) စစ်ဦးစီးချုပ်က ပြောပါတယ်။