close

မတ္တရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရတဲ့ရွာကို လာရောက်စစ်ဆေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အောက်တိုဘာ ၁၉ ရက် မနက် ၁၀ နာရီခွဲက မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

စကားပင်အုပ်စု၊ အုတ်ဖိုရွာသစ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းကြီး ဆိုသူဟာ မနက် ၆ နာရီခွဲလောက်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီး အဲ့ဒီရွာကို စစ်ဆေးဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်တာဖြစ်တယ်လို့ သိရပါတယ်။

လာရောက်စစ်ဆေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စကားပင်အုပ်စု၊ ဈေးသစ်ကျေးရွာနဲ့ တံတားကုန်းကျေးရွာကြားမှာ ပဒေသာမိုင်း ၄ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ နဂါးညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကို နဂါးညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နတ်ဆိုး မြေအောက်တော်လှန်ရေးတပ်ဖွဲ့နဲ့ MDY PDF (Mongoose Squadron) တပ်ခွဲတို့က ပူးပေါင်း လုပ်ဆောင်တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စကားပင်အုပ်စု၊ အုတ်ဖိုရွာသစ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းကြီးကိုလည်း စစ်တပ်ထောက်တိုင် ရဲတွေနဲ့ ပူးပေါင်းကာ ပြည်သူတွေကို မတရား ဖမ်းဆီးနှိပ်စက် ခြိမ်းခြောက် ငွေညှစ်နေတဲ့အတွက် နဂါးညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့နဲ့ MDY PDF (Mongoose Squadron) တပ်ခွဲတို့က ပူးပေါင်းရှင်းလင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူ အုတ်ဖိုရွာသစ်ကျေးရွာ အုပ်ချုပ်ရေးမှူးထံက လက်လုပ် ပွိုင့် ၂၂ တလက်နဲ့ ကျည် ၄ တောင့် သိမ်းဆည်းရမိခဲ့တယ်လို့ နဂါးညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up