close

အင်းစိန်ထောင် ဗုံးပေါက်ကွဲမှုကြောင့် နိုင်ငံရေးအကျဥ်းသားအချို့၏ မိသားစုဝင်များ သေဆုံး

ရန်ကုန်မြို့၊ အင်းစိန်အကျဥ်းထောင် အဝင်အထွက်ဂိတ်ပေါက် အတွင်းနဲ့အပြင်မှာ အောက်တိုဘာ ၁၉ ရက် မနက် ၁၀ နာရီဝန်းကျင်က ဗုံးနှစ်ကြိမ်ပေါက်ကွဲပြီး ပစ်ခတ်မှုဖြစ်ရာ ၈ ‌ယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရတဲ့အထဲမှာ နိုင်ငံရေးအကျဥ်းသားတွေရဲ့ မိသားစုဝင်တချို့ ပါဝင်နေတယ်လို့ နိုင်ငံရေးအကျဥ်းသားဟောင်းတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်ကြားတာတော့ ဂျိမ်းရဲ့အမေရော ကိုဟိန်းဆိုတဲ့ အမေရော သေတယ်ပြောတယ်။ တခြားနိုင်ကျဥ်းတွေရဲ့ မိသားစုဝင်တွေလည်း သေတယ်။ ဒဏ်ရာရတဲ့သူတွေကလည်း နိုင်ကျဥ်းမိသားစုဝင်တွေပဲ။”

သေဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

ဒီကနေ့မနက် ၁၀ နာရီလောက်က အင်းစိန်အကျဥ်းထောင်မှာ ဗုံးပေါက်ကွဲပြီးနောက် ဝန်ထမ်း ၃ ယောက်သေဆုံးပြီး ၇ ယောက် ဒဏ်ရာရရှိခဲ့ပြီး ဒုတိယအကြိမ် ဗုံးပေါက်ပြီးမှ ပစ်ခတ်မှုဖြစ်ကာ ထောင်ဝင်စာပို့သူတွေ ထိမှန်သေဆုံးတာတွေ ရှိတယ်လို့ အင်းစိန်ထောင်အနီး နေထိုင်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

သေဆုံးခဲ့ရတဲ့ ထောင်ဝင်စာလာပို့တဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေဟာ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးတာလား၊ အင်းစိန်ထောင်ထဲက လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ပစ်ခတ်မှုကြောင့် သေဆုံးတာလား ဆိုတာကို ဒီဗီွဘီအနေနဲ့ သီခြား အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီဘက်ကတော့ ဗုံးပေါက်ကွဲမှုဖြစ်စဥ်မှာ အကျဥ်းဦးစီးဌာန ဝန်ထမ်းသုံးယောက် သေဆုံးခဲ့ပြီး ငါးယောက် ဒဏ်ရာရရှိခဲ့ကာ ထောင်ဝင်စာပို့သူ အမျိုးသမီးငါးယောက် သေဆုံး၊ အမျိုးသားငါးယောက် အမျိုးသမီးရှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို လာရောက်ထုတ်ယူဖို့ စစ်ကောင်စီက ညနေပိုင်းမှာ မိသားစုဝင်တွေကို အကြောင်းကြားထားတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော့်သူငယ်ချင်းရဲ့ အမေလည်း ထောင်ဝင်စာပို့ရင်း ဗုံးပေါက်တဲ့အထဲမှာပါတယ်၊ သေသွားတယ်။ ဒီညနေ အလောင်းလာထုတ်ခိုင်းတယ်။”

ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် နောက်ထပ် မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးတလုံးကို တွေ့ရှိခဲ့ပြီး အင်းစိန်အကျဥ်းထောင်အတွင်းနဲ့ အပြင်မှာ စစ်ကောင်စီတပ်တွေ ရှိနေကာ လုံခြုံရေး တိုးမြှင့်ချထားတယ်လို့ ထောင်နဲ့နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ဗုံးပေါက်တာနဲ့ပတ်သက်ပြီး အကျဥ်းဦးစီးကတဆင့် ရဲနဲ့စစ်တပ်က စစ်ဆေးနေတယ်။ ထောင်ရှေ့မှာရော အတွင်းမှာပါ လုံခြုံရေးချထားတယ်။”

ဒီကနေ့ ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ထောင်ဝင်စာပိတ်ပင်မှာကို နိုင်ငံရေးအကျဥ်းသား မိသားစုတွေက စိုးရိမ်နေကြပါတယ်။

အင်းစိန်ထောင် ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့က လုပ်ဆောင်သလဲဆိုတာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ပြီးခဲ့တဲ့လတွေကလည်း အင်းစိန်အကျဥ်းထောင်မှာ ပစ်ခတ်မှုတချို့နဲ့ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး ဝန်ထမ်းတချို့ သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up