close

မြောက်ဦးတွင် ပညာရေးဝန်ထမ်း ၂ ဦးအပါအဝင် ၃ ဦး ဖမ်းဆီးခံရ

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ အောက်တိုဘာ ၁၉ ရက်နေ့ မနက်ပိုင်းမှာ ပညာရေးဝန်ထမ်း ၂ ယောက်နဲ့ ပြည်သူတယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ​ဒေသခံတွေက ပြောပါတယ်။

​မြောက်ဦးမြို့ကနေ ဝေသာလီရွာဘက်ကို စာသွားသင်တဲ့ ဆရာ၊ ဆရာမတွေ စီးနင်းလာတဲ့ကားကို မနေ့ မနက် ၉ နာရီကျော်လောက် စစ်ကောင်စီတပ်က ထမ္မရာဇ်လမ်းဆုံမှာ စစ်ဆေးခဲ့ရာမှာ ကားလိုင်စင်မပါတာကြောင့် ပိုင်ရှင် ကျောင်းဆရာနဲ့ ဆရာမလင်မယား ၂ ယောက်ကို ဖမ်းဆီးလိုက်တာလို့ မြောက်ဦးဒေသခံ တယောက်က ဒီဗွီဘီကိုပြောပါတယ်။

ကားပေါ်မှာလိုက်ပါလာတဲ့ တခြား ဆရာ၊ ဆရာမတွေကိုတော့ ပြန်လွှတ်ပေးလိုက်ပြီး ကားသိမ်းဆည်းကာ ကျောင်းဆရာနဲ့ ဆရာမလင်မယားကို မြောက်ဦးမြို့မရဲစခန်း ခေါ်သွားကြတယ်လို့ ဆိုပါတယ်။

ဝေသာလီကျေးရွာက အသက် ၁၉ နှစ်အရွယ် မောင်ကိုနိုင်ကိုလည်း မနေ့က မွန်းတည့် ၁၂ နာရီလောက်မှာ မြောက်ဦးမြို့က ဆေးဝယ်ပြီး ပြန်လာတဲ့အချိန် ထမ္မရာဇ်လမ်းဆုံမှာ စစ်ကောင်စီတပ်က ဆေးဝါးတွေ တွေ့ရှိသွားလို့ AA အဖွဲ့ဝင် သံသယနဲ့ ဖမ်းဆီးသွားကြတာလို့ ပြောပါတယ်။

မောင်ကိုနိုင်ဟာ AA တပ်ဖွဲ့ဝင်မဟုတ်ဘဲ ကျန်းမာရေးဝန်ထမ်း မလုံလောက်လို့ ဆေးပညာသင်ယူကာ ကျေးရွာတွေကို လှည့်လည် ဆေးကုပေးနေတဲ့ သာမန်အရပ်သား လူငယ်တယောက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင်တပ်တော် AA တို့ အခုနှစ် သြဂုတ်က စတင်ကာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပြီးနောက်ပိုင်းမှာ မြို့အများအပြားမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ ဧည့်စာရင်းစစ်ဆေးတာတွေ၊ ပရဟိတသမားတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးတာတွေ၊ ခရီးသည်တင်ယာဥ်တွေနဲ့ ကုန်တင်ယာဥ်တွေ ကုန်းလမ်း၊ ရေလမ်းတွေအားလုံးကို ပိတ်ဆို့ပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့် ဖြတ်တောက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up