ရုရှားသိမ်းပိုက်ထားသည့် ဒေသ ၄ ခုတွင် စစ်အုပ်ချုပ်ရေးကြေညာ

ယူကရိန်းဆီကနေ ပြီးခဲ့တဲ့လက သိမ်းပိုက်ထားတဲ့ ဒေသလေးခုမှာ စစ်အုပ်ချုပ်ရေးဥပဒေကို စတင်ကျင့်သုံးလိုက်ပြီလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က အောက်တိုဘာ ၁၉ ရက် ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ဒွန်ညက်၊ လူဟန့်စ်ခ်၊ ခါဆွန်နဲ့ ဇာပိုရစ်ဇီးယား ဒေသတွေကို ရုရှားနိုင်ငံထဲ ထည့်မပေါင်းစည်းရသေးခင် စစ်အုပ်ချုပ်ရေးအာဏာ တည်သွားပြီလို့ ပူတင်က သူ့ရဲ့လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကို ရုပ်မြင်သံကြားကနေ မိန့်ခွန်းပြောကြားရာမှာ ပြောဆိုခဲ့တာပါ။
ယူကရိန်းစစ်ပွဲကို အရှိန်မြှင့်ရာမှာ ရုရှားရဲ့ ဒေသတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဝန်ကြီးချုပ် မီခေးလ်မစ်ဟူစတင် လက်အောက်မှာ အထူးညှိနှိုင်းဆောင်ရွက်ရေးကောင်စီကို ထူထောင်ဖို့လည်း ပူတင်က သူ့အစိုးရအဖွဲ့ကို ညွှန်ကြားခဲ့ပါတယ်။
သိမ်းပိုက်ခံထားရတဲ့ ဒေသလေးခုထဲက ခါဆွန်ဒေသမှာ မကြာခင် ယူကရိန်းရဲ့တိုက်ခိုက်မှု ကြုံလာမှာကို ခန့်မှန်းထားတာကြောင့် ရုရှားခန့်အပ်တဲ့ အရာရှိတွေက အရပ်သားတွေကို တချို့နေရာတွေကနေ အမြန်ဆုံးထွက်ခွာဖို့ အမိန့်ပေးခဲ့ပါတယ်။
ပူတင်က သူ အမိန့်ပေးထားတဲ့ စီမံဆောင်ရွက်မှုတွေဟာ စီးပွားရေး၊ စက်မှုလုပ်ငန်းနဲ့ ထုတ်လုပ်ရေး တည်ငြိမ်မှုကို တိုးမြင့်စေမယ်လို့ ပြောထားပါတယ်။