ယူကရိန်းဘတ်စ်ကားမှတ်တိုင်များတွင် ရုရှားအမြောက်ဒဏ်ခံနိုင်သည့် ကွန်ကရစ်အမိုးအကာ ဆောက်လုပ်

ရုရှားဘက်က ပြန်စလာတဲ့ အမြောက်ပစ်ခတ်မှုတွေအတွက် ယူကရိန်းအရှေ့ပိုင်းက ခါကိဗ်မြို့မှာ မြို့ကောင်စီဟာ ဘတ်စ်ကားမှတ်တိုင်တွေမှာ ကွန်ကရစ်အမိုးအကာတွေ ဆောက်လုပ်နေပါတယ်။
တန်ချိန် ၁၀၀ အလေးချိန်လောက် ခံနိုင်ရည်ရှိတဲ့ ဒီကွန်ကရစ် ဗုံးအမိုးအကာတွေကို အင်ဂျင်နီယာချုပ် ရှာခ်အီဘရာဟင်မိုဗ်နဲ့ သူ့ဆောက်လုပ်ရေးအဖွဲ့က ဆောက်လုပ်နေတာ ဖြစ်ပါတယ်။
ဒီအမိုးအကာတွေဟာ လူတွေကို အမြောက်ကျည်တွေ၊ ဒုံးကျည်ဘေးဒဏ်တွေကနေ လွတ်ကင်းစေအောင် အုပ်မိုးကာကွယ်ပေးဖို့ဖြစ်ပြီး ဒုံးပျံအများအပြားကို ပစ်လွှတ်တဲ့ 'Grad' ဒုံးကျည်တိုက်ခိုက်မှုကို ခံနိုင်ကြောင်း အီဘရာဟင်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
သူ့ဆောက်လုပ်ရေးအဖွဲ့ဟာ အစ္စရေး ဗုံးအကာကွယ်တွေကို အားကျပြီး လိုက်ဆောက်ခဲ့တာ ဖြစ်ကြောင်းနဲ့သူ့နိုင်ငံသားတွေကို အမြောက်ကျည်ဘေးကနေ ကာကွယ်ပေးလိုတယ်လို့ ဆိုပါတယ်။
အမိုးအကာတွေမှာ အနီးဆုံး ဘတ်စ်ကားမှတ်တိုင်ကနေ ဗွီဒီယိုကို တိုက်ရိုက်ထုတ်လွှင့်ဖို့ မော်နီတာတွေ တပ်ဆင်ထားပြီး ခိုလှုံသူတွေအဖို့ အန္တရာယ်ကျရောက်ဖို့ ရှိ မရှိ သိနားလည်အောင် ကူညီပေးတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလနဲ့ မတ်လတုန်းက ရုရှားကျူးကျော်မှုအစပိုင်းမှာ ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုနဲ့ အမြောက်တွေနဲ့ ပစ်ခတ်မှုဒဏ်ကို ခံခဲ့ရတဲ့ ဆလ်တိဗ်ကာ မြောက်ပိုင်းရပ်ကွက်မှာ တချို့အမိုးအကာတွေကို တပ်ဆင်ထားပြီး ဖြစ်ပါတယ်။
ဇူလိုင် ၂၁ ရက် က ခါကိဗ်မြို့အရှေ့မြောက်ပိုင်းရှိ ဘတ်စ်ကားမှတ်တိုင်တခုကို အမြောက်ကျည် ကျရောက်ခဲ့ရာမှာ လူ ၃ ယောက် သေဆုံးခဲ့ကြောင်း အစိုးရရှေ့နေရုံးက ထုတ်ပြန်ထားပါတယ်။