နိုင်ဂျီးရီးယားမြို့တော်တွင် ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးဖြင့် ဖြိုခွင်း

နိုင်ဂျီးရီးယားမြို့တော် လာဂို့စ်က လက်ကီတိုးလ်ဂိတ်မှာ အောက်တိုဘာ ၂၀ ရက်က ချီတက်ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်လူစုခွဲခဲ့ပါတယ်။
ရဲတွေရဲ့ ရက်စက်မှုတွေကို ဆန့်ကျင်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ချီတက်နေချိန်မှာ ရဲတွေက ပစ်ခတ်ခဲ့တာပါ။
ဆန္ဒပြသူ ယယ်မီ အဒါမိုလ်ကွန်က “ပြည်သူတွေကို ရဲတွေက သတ်ပစ်ခဲ့တဲ့အကြောင်း အစိုးရက မေ့မထားအောင်လို့ ဆန္ဒပြနေကြတာ။ နိုင်ဂျီးရီးယားလူမျိုးတွေကတော့ သူတို့ကို မမေ့ထားဘူး” လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
တိုးလ်ဂိတ်မှာ ရဲတွေဟာ နိုင်ဂျီးရီးယားအလံတွေ ဝှေ့ယမ်းပြီးတော့ ထာဝရ စည်းလုံးညီညွတ်ရေး သီချင်းဆိုရင်း ချီတက်နေသူ လူ ၂၀၀ ဆီကို မျက်ရည်ယိုဗုံး ၅ လုံး ပစ်ခတ်ခဲ့တာကို ရိုက်တာမျက်မြင်သက်သေတွေက ပြောပါတယ်။ ရဲတွေဟာ လူနှစ်ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။
မွန်းလွဲပိုင်းလောက်မှာတော့ ဆန္ဒပြသူအများစုဟာ အခင်းဖြစ်ပွားရာနေရာကနေ ထွက်သွားကြပါတယ်။
၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၀ ရက်က အထူးဓားပြနှိမ်နင်းရေးအဖွဲ့ (SARS) ရဲ့ အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုတွေ ရပ်တန့်အဆုံးသတ်ပေးဖို့ တောင်းဆိုနေတဲ့ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို ရဲလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာကြောင့် လူ ၁၁ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။