close

ကျိုက်ထိုမြို့နယ်တွင် တိုက်ပွဲကြောင့် ဒေသခံ ၈၀၀၀ ကျော် စစ်ဘေးရှောင်ထွက်ပြေးနေရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီတပ်က ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်နေတဲ့အတွက် ဒေသခံ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်ကစပြီး ကျိုက်ထိုမြို့နယ်ထဲကို တပ်အင်အား ၅၀၀ လောက်နဲ့ စစ်ကြောင်း ၃ ကြောင်းခွဲပြီး ထိုးစစ်ဆင် ဝင်ရောက်လာတာ ဖြစ်ပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့မှာ ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာရှိ ဒေသခံနေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို အရပ်သားပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးသွားခဲ့တာပါ။

ပိန္နဲကုန်းကျေးရွာက ဒေသခံ နေအိမ်တွေကို မီးမရှို့ခင် စစ်ကောင်စီတပ်ဟာ ကျေးရွာထဲ လက်နက်ကြီး၊လက်နက်ငယ်တွေ ပစ်ခတ်ဝင်ရောက်လာပြီး လူမရှိတော့တဲ့ နေအိမ်တွေက တန်းဖိုးရှိ ပစ္စည်းတွေကို ဝင်ရောက် မွှေနှောက်ယူဆောင်သွားတယ်လို့ ကေအန်ယူက ပြောပါတယ်။

ဒါ့အပြင် ကျိုက်ထီးရိုးဝိဇ္ဇာတောင်ဘက်က တပ်အင်အား ၁၀၀ လောက်နဲ့ ဝင်ရောက်လာတဲ့ စစ်ကောင်စီ  စစ်ကြောင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့မှာ ကဒိုင်ဒွတ်ကျေးရွာအတွင်းသို့ ရောက်ရှိပြီး ကျေးရွာအတွင်းရှိ နေအိမ်တွေကို မွှေနောက်ဖျက်ဆီးပြီး လက်ဝတ်ရတနာတွေနဲ့ တန်ဖိုးကြီး ပစ္စည်းတွေကိုလည်း အဓမ္မယူဆောင်သွားတယ်လို့ ကေအန်ယူရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် KNLA ပူးပေါင်းတပ်နဲ့ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ ကေအန်ယူ သထုံခရိုင်မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့ ပိန္နဲကုန်း၊ ပျဉ်းကတိုးကုန်းအပါအဝင် ကျေးရွာ ၁၀ ကျော်က ဒေသခံ ပြည်သူ ၈၀၀၀ ကျော်ဟာ နီးစပ်ရာ တောတောင်တွေနဲ့ ဘေးလွတ်ရာ နေရာကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up