အမေရိကန်လွှတ်တော်ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန် အနိုင်ရပါက ယူကရိန်းအတွက် စိုးရိမ်ဟု ဘိုင်ဒင်ပြော

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်တွေက အမေရိကန် ကွန်ဂရက်လွှတ်တော် တရပ်ရပ်ကိုဖြစ်စေ၊ လွှတ်တော်နှစ်ရပ်လုံးကိုဖြစ်စေ ထိန်းချုပ်သွားနိုင်မယ်ဆိုရင် ယူကရိန်းကို အမေရိကန် အကူအညီပေးမယ့် အလားအလာနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒင်က အောက်တိုဘာ ၂၀ ရက်မှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
ပစ်ဘတ်ခ်မြို့မှာ ရောက်ရှိနေစဉ် သတင်းထောက်တွေက ရီပတ်ဘလစ်ကန်တွေ အနိုင်ရရင် ယူကရိန်းအကူအညီအပေါ် အကျိုးသက်ရောက်မှုနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဘိုင်ဒင်က ပြောခဲ့တာပါ။
ဘိုင်ဒင်ဟာ အမေရိကန် အထက်လွှတ်တော်က ရီပတ်ဘလစ်ကန် မာမက်ဇ်အော့ဇ်ကို ယှဉ်ပြိုင်မယ့် ဒီမိုကရက် ဂျွန်ဖက်တာမန်းအတွက် မဲဆွယ်စည်းရုံးဖို့ ပစ်ဘတ်ခ်မြို့မှာ ရောက်ရှိနေတာပါ။
ဒါဟာ ဒီမိုကရက်တွေ အထက်လွှတ်တော်ကို ထိန်းချုပ်ထားခြင်း ရှိ၊ မရှိ ဆုံးဖြတ်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။
တကယ်လို့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ရီပတ်ဘလစ်ကန်တွေက ဒီမိုကရက်တွေဆီကနေ အောက်လွှတ်တော်ကို ချုပ်ကိုင်နိုင်မယ်ဆိုရင် သူဟာ ယူကရိန်းအကူအညီအတွက် လိုချင်သလောက် ထုတ်ပေးနေမယ့် “ချက်လက်မှတ်အလွတ်ရေးဖို့ ဆန္ဒမရှိဘူး” လို့ အောက်လွှတ်တော်ရှိ ရီပတ်ဘလစ်ကန်ခေါင်းဆောင် ကယ်ဗင်မက်ကာသီက မကြာသေးခင် ရက်ပိုင်းအတွင်း ပြောခဲ့တာပါ။
ရီပတ်ဘလစ်ကန်တွေကြားမှာလည်း ရုရှားနိုင်ငံကို ချုပ်ကိုင်ဖို့ လိုအပ်တယ်လို့ မြင်တဲ့သူတွေနဲ့ အထီးကျန်ဆန်တဲ့ နိုင်ငံခြားရေးမူဝါဒကို နှစ်သက်တဲ့သူတွေဆိုပြီး နှစ်ပိုင်းကွဲနေပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ဖေဖော်ဝါရီ ၂၄ ရက်က ရုရှားကျူးကျော်ဝင်ရောက်ချိန်မှစပြီး ယူကရိန်းနိုင်ငံအတွက် အမေရိကန် လုံခြုံရေးအကူအညီ ဒေါ်လာ ၁၇ ဒသမ ၅ ဘီလီယံကျော် ထောက်ပံ့ပေးခဲ့ပါတယ်။