close

ရန်ကုန်ရွှေအသင်းက အကယ်ဒမီ မီးလင်းရွှေ ရည်ညွှန်းဈေး တိုးမြှင့်

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) က အောက်တိုဘာ ၂၁ ရက် ဒီနေ့မှာ အကယ်ဒမီမီးလင်းရွှေ ရည်ညွှန်းဈေးကို ကျပ် ၂,၄၇၅,၀၀၀ ဝန်းကျင်ထိ တိုးမြှင့်ပြီး ဈေးဖွင့်ခဲ့ပါတယ်။

အရင်က အသင်းရဲ့ ရည်ညွှန်းဈေးဟာ တကျပ်သားကို ကျပ်သိန်း ၂၀ ဝန်းကျင်မှာပဲ ရှိခဲ့ပေမဲ့ ဒီနေ့မှာတော့ တကျပ်သားကို ကျပ် ၂၄ သိန်း ၇ သောင်းခွဲဝန်းကျင်ထိ တိုးမြှင့်ပြီး ဈေးဖွင့်ခဲ့တာပါ။

ရွှေလုပ်ငန်းရှင်တယောက်က “အပြင်ပေါက်ဈေးနဲ့ အတော်လေးနီးစပ်သွားပါပြီ။ ကြည့်ရတာ သူတို့ အစည်းအဝေးတွေ ဘာတွေလုပ်ပြီး မူဝါဒအပြောင်းအလဲတွေ လုပ်လိုက်တယ်နဲ့ တူပါတယ်” လို့ မှတ်ချက်ပြုပါတယ်။

ဒါ့အပြင် YGEA ရဲ့ ရည်ညွှန်းဈေး သတ်မှတ်ချက် ပြောင်းလဲသွားပေမဲ့ ပြင်ပဈေးကွက်အပေါ် သက်ရောက်မှု ရှိမလာနိုင်ဘူးလို့လည်း သုံးသပ်ပြောဆိုပါတယ်။

အရင်က ရွှေစျေးနှုန်းကို ဗဟိုဘဏ်သတ်မှတ်နိုင်ငံခြားငွေလဲနှုန်းအပေါ် မူတည်ပြီး အရောင်းအဝယ်ပြုလုပ်ဖို့ YGEA က ရွှေဆိုင်တွေကို ညွှန်ကြားထားခဲ့ပါတယ်။ လက်ရှိ ပြင်ပရွှေဆိုင်တချို့ရဲ့ ဈေးကွက်ပေါက်ဈေးကတော့ အခေါက်ရွှေတကျပ်သားကို ကျပ် ၂၆ သိန်းဝန်းကျင် ရှိနေပြီး ပုံမှန်အတိုင်း အရောင်းအဝယ် ဖြစ်နေတယ်လို့ ရွှေဈေးကွက်အတွင်းက သိရပါတယ်။

ရွှေဆိုင်ပိုင်ရှင်တယောက်က “အားလုံးခန့်မှန်းထားခဲ့တာကတော့ ဒီနေ့ဈေးကွက်ပေါက်ဈေးက ၂၅ သိန်းနဲ့ ၇ သောင်း၊ ၈ သောင်းဝန်းကျင်လောက် ဖွင့်ကြမယ်လို့ ခန့်မှန်းတာပေါ့နော်။ မနေ့ကလည်း အဲဒီဈေးနဲ့ ပိတ်ထားတာပါပဲ။ အရောင်းအဝယ်ကတော့ ပုံမှန်အတိုင်းပဲ ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

ပြင်ပဈေးကွက်ပေါက်ဈေးနဲ့ အသင်းရည်ညွှန်းဈေး သတ်မှတ်နှုန်းထား ကွာဟချက် ရှိနေသေးတာကြောင့် လက်ရှိအချိန်ထိ ရန်ကုန်ရွှေအသင်းရုံးမှာ အရောင်းအဝယ်ဖြစ်တာ မရှိဘူးလို့လည်း ရွှေလုပ်ငန်းရှင်တချို့ထံက သိရပါတယ်။

ရွှေလုပ်ငန်းရှင်တယောက်က “သတ်မှတ်ဈေးက ၂၅ သိန်း၊ အလုပ်ဖြစ်နေတာက ၂၆ သိန်းဝန်းကျင်ဆိုတော့ အသင်းရုံးမှာ မလုပ်ရဲကြဘူး။ အဖမ်းအဆီးတွေရှိမှာကြောက်လို့၊ အပြင်မှာပဲ တိုးတိုးတိတ်တိတ်နဲ့ နည်းနည်းပါးပါးနဲ့ပဲ အလုပ်ဖြစ်နေကြပါတယ်” လို့  ပြောပါတယ်။

ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့ဩဂုတ်လကုန်ပိုင်းက တကျပ်သားကို ကျပ် ၃၆ သိန်းဝန်းကျင်ထိ စံချိန်တင် မြင့်တက်ခဲ့ပြီးနောက် ရွှေဈေးနှုန်း ပြန်လည်တည်ငြိမ်ကျဆင်းဖို့အတွက် စစ်ကောင်စီက ဈေးကွက်အတွင်း ရွှေထုတ်ရောင်းချတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

မကြာသေးခင်ကပဲ YGEA ရဲ့ ဦးဆောင်မှုနဲ့ အသင်းဝင်တွေရဲ့ ရွှေ ၁၂ ပိသာကျော်ကို တကျပ်သားကို ကျပ် ၂၅ သိန်းနှုန်းနဲ့ ရောင်းချပေးခဲ့တယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up