close

မြန်မာ- ထိုင်းနယ်စပ်ကို တရားမဝင်ဖြတ်ကျော်သည့် နိုင်ငံခြားသားနှင့် ထိုင်းအချို့ ဖမ်းဆီးခံရ

မြန်မာ-ထိုင်းနယ်စပ်ကို တရားမဝင်ဖြတ်ကျော်သွားလာနေတဲ့ နိုင်ငံခြားသားနဲ့ ထိုင်းလူမျိုးတွေကို ထိုင်းနိုင်ငံ၊ တာ့ခရိုင်၊ မယ်လမတ်မြို့နယ်မှာ ထိုင်းအာဏာပိုင်တွေက အောက်တိုဘာ ၂၁ ရက် ညပိုင်းမှာ ဖမ်းဆီးရမိတယ်လို့ ထိုင်းလုံခြုံရေးတပ်ဖွဲ့ကနေ သိရတယ်။

ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာရှိတဲ့ လူသိများတဲ့ လောင်းကစားကာစီနိုနဲ့ အပန်းဖြေစခန်းနေရာကို ထိုင်းနဲ့ တရုတ်တွေအများစုအပါအဝင် နိုင်ငံခြားသားတွေ တရားမဝင်နယ်စပ်ဖြတ်ကျော်သွားရောက်လေ့ရှိတာပါ။

အောက်တိုဘာ ၂၁ ရက်ညနေမှာတော့ ထိုင်းနိုင်ငံဘက် မယ်လမတ်မြို့ရပ်ကွက် ၄ ဝမ်းဖါကျေးရွာအနီး ထိုင်းနိုင်ငံသားအမျိုးသား  တယောက်၊ အမျိုးသမီး လေးယောက်၊  ဗီယက်နမ် အမျိုးသမီးတယောက်နဲ့ ယာဉ်မောင်းတယောက် စုစုပေါင်း  ခုနှစ်ယောက်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

တချိန်တည်းမှာပဲ ပြည်သူတွေရဲ့ သတင်းပေးပို့ချက်အရ ထိုင်းနိုင်ငံဘက်မှ မြဝတီမြို့ဘက်ကို တရားမဝင်ကူးသွားမယ့် တရုတ်နိုင်ငံသားနှစ်ယောက်၊ တရုတ်အမျိုးသမီး တယောက်နဲ့ ယာဉ်မောင်း တယောက်အပါအဝင်  စုစုပေါင်း လေးယောက်ကို ထပ်မံဖမ်းဆီးနိုင်ခဲ့ပါတယ်၊

ဒါ့အပြင် နောက်ထပ် ကားတစ်စီးထပ်ရောက်လာတဲ့အတွက် တရုတ်လူမျိုး အမျိုးသား နှစ်ယောက်၊ အမျိုးသမီးတယောက်နဲ့ ဗီယက်နမ်အမျိုးသမီး တယောက်နဲ့ ယာဉ်မောင်း တယောက် စုစုပေါင်း ငါးယောက်ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပါတယ်။

မြန်မာ-ထိုင်းနယ်စပ်မှတဆင့် တရားမဝင်ဖြတ်သန်းသွားလာတာတွေကိုတားဆီးဖို့  ထိုင်းစစ်တပ်က လုံခြုံရေးတိုးမြှင့်ထားပြီး အခုဖမ်းဆီးရမိသူတွေကို တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ အရေးယူဖို့  မယ်လမတ်မြို့မရဲစခန်းသို့ ပို့ဆောင်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up