close

ထိုင်းရဲအရာရှိတဦး ခိုးရောင်းသောသေနတ်များ နယ်စပ်တွင်ပျံ့နှံ့နေဟု ထိုင်းရဲချုပ်ပြော

ထိုင်းနိုင်ငံအလယ်ပိုင်း နွန်ထပူရီခရိုင် ပါက်ကစ်မြို့နယ်ရဲစခန်းက ရဲအရာရှိတယောက် ခိုးပြီးရောင်းစားထားတဲ့ သေနတ်တွေဟာ နယ်စပ်တွေမှာ ပျံ့နှံ့နေတယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီး ဒီကနေ့ အောက်တိုဘာ ၂၄ မှာ သတင်းထောက်တွေကို ပြောပါတယ်။

ပါက်ကစ်ရဲစခန်းက သေနတ်ပြောင်းရှည်နဲ့ ပစ္စတိုတွေ စုစုပေါင်း ၁၅၉ လက် အခိုးခံရပြီး လက်ရှိ ၄၄ လက် ပြန်ရပြီဖြစ်ကြောင်း၊ ကျန်တဲ့လက်နက်တွေ တချို့က နယ်စပ်မှာ ပျံ့နှံ့နေကြောင်း ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ် ဒမ်းရုန်းဆဒ် ကစ်သီပဖတ်က ပြောပါတယ်။  

ဒါပေမယ့် ဘယ်နိုင်ငံနယ်စပ်ဆိုတာတော့ သူက ပြောမသွားပါဘူး။ ပြန်ရတဲ့လက်နက်တွေဟာ နွန်ထပူရီခရိုင် နယ်မြေရဲစခန်းအနီးတဝိုက်မှာ လက်ဝယ်ရောက်ရှိသွားသူတွေက ပြန်လာချထား ပေးခဲ့တာဖြစ်ပါတယ်။ 

ဘယ်သူမဆို တရားမဝင်လက်နက်တွေ လက်ဝယ်ထားရှိရင် တာဝန်သိစွာပြန်လည်အပ်နှံဖို့၊ အဲဒီလိုပြန်အပ်ရင်အရေးယူခံရမှာမဟုတ်ဘူးလို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက နောင်ဘိုလမ်းဖူး မူကြိုကျောင်းပစ်ခတ်မှုအပြီး ထုတ်ပြန်ထားသလို ပါက်ကစ်ရဲစခန်းက လက်နက်ပျောက်ဆုံးမှုမှာလည်း ထိုင်းရဲတပ်ဖွဲ့က ထပ်မံကြေငြာထားပါတယ်။ 

ပါက်ကစ်ရဲစခန်းမှာ လက်နက် ၁၆၀ လောက် ပျောက်ဆုံးနေကြောင်း ရဲတပ်ဖွဲ့ဝင် အချင်းချင်းကြား တိုင်တန်းမှုတွေရှိခဲ့ပြီးနောက်  လက်နက်ထုတ်ယူခွင့်ရှိသူတယောက်ဖြစ်တဲ့ ရဲအရာ ခံဗိုလ် ချောင်ဝလစ် ဖုန့်ခကျောင်း ဆိုသူလည်း ပျောက်ဆုံးနေခဲ့ပါတယ်။  

ထိုင်းအမျိုးသားရဲတပ်ဖွဲ့က တနိုင်ငံလုံးက ရဲဌာနအားလုံးကို အကြောင်းကြားလိုက်တဲ့နောက် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့ညနေပိုင်းက ထိုင်းအရှေ့မြောက်ပိုင်း လာအိုနိုင်ငံနယ်စပ် နောင်ခိုင်မြို့က ဟိုတယ်တခုထဲမှာ သူ့ကိုဖမ်းမိခဲ့ပါတယ်။ 

အဲဒီအချိန်မှာ သူဟာ နိုင်ငံကူး လက်မှတ်လုပ်ထားပြီး နိုင်ငံခြားကိုထွက်ပြေးဖို့ အသင့်ဖြစ်နေပါပြီ။  တာဝန်ရှိသူတွေက သူ့ကိုတညလုံးစစ်ဆေးပြီးတဲ့နောက်မှာတော့ ဘောလုံး လောင်းကစားပွဲမှာ ရှုံးသွားလို့ အကြွေးဆပ်ဖို့ ငွေလိုတာကြောင့် သေနတ်တွေ ခိုးရောင်းမိကြောင်း ဖွင့်ဟ ဝန်ခံ လိုက်ပါတယ်။ 

သူဟာ လက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေအတွက် လက်နက်ထုတ်ယူခွင့်ရှိသူတယောက် ဖြစ်တာကြောင့် တကြိမ်မှာ သေနတ် ၁ လက် ၂ လက်ပိုထုတ်ထားပြီး တချို့ကို ရောင်းချကာ တချို့ကို ပေါင်နှံခဲ့ကြောင်း၊ ဝယ်သူအများစုဟာလည်း လောင်းကစားသူအချင်းချင်းထဲကဖြစ်ပြီး ဒီလိုလုပ်လာတာ ၃-၄ နှစ်ကြာခဲ့ပြီလို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့က လောလောဆယ်မှာ သေနတ် ၄၄ လက်ပြန်ရခဲ့ပြီး ကျန်လက်နက်တွေပြန်ရဖို့ ကျန်ထပူရီ၊ ဆုဖန်ပူရီ၊ ဘန်ကောက် ဒွန်းမောင်းနယ်မြေ အစရှိတဲ့ နေရာ ၉ ခုကို ဆက်လက်စစ်ဆေးနေပြီး သတင်းရထားတဲ့ နယ်စပ်တွေလည်း စစ်ဆေးမယ်လို့ ဆိုပါတယ်။

သေနတ်ခိုးရောင်းတဲ့ ရဲအရာရှိကတော့ နိုင်ငံပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရမယ့်အစား မိမိကိုယ်ပိုင်အဖြစ်ခိုးယူအလွဲသုံးစားပြုမှု၊ ဝန်ထမ်းကျင့်ဝတ်ချိုးဖောက်မှု၊ ဌာနဆိုင်ရာ စာရွက် စာတမ်းတုပမှု၊ ဌာနဆိုင်ရာအတွင်းခိုးဝှက်မှု စတဲ့ ပြစ်ချက် ၄ ခုနဲ့ တရားစွဲခံထားရပါတယ်။ 

ကိုးကား - workpointtoday / bangkokbiznews

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up