ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်တွင် လူထောင်ချီ ရွှေ့ပြောင်း

ဆိုင်ကလုန်းမုန်တိုင်း ‘စီတရန်’ ကြောင့် အိမ်တွေ ကောက်ပဲသီးနှံတွေ အကြီးအကျယ် ပျက်စီးပြီး လမ်းနဲ့ ဓာတ်အားလိုင်းတွေ ပြတ်တောက်မှာ စိုးရိမ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက အောက်တိုဘာ ၂၄ ရက်မှာ လူထောင်ပေါင်း များစွာကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ပါတယ်။
အောက်တိုဘာ ၂၄ ရက်မှာ မြို့တော် ဒါကာရဲ့ လမ်းမတွေပေါ်မှာ မိုး သည်းသည်းထန်ထန် ရွာသွန်းခဲ့ပြီး လမ်းတချို့ ရေမြုပ်နေပါတယ်။
ဘင်္ဂလားပင်လယ်အော်ကနေ ချဉ်းကပ်လာတဲ့ စီတရန်မုန်တိုင်းဟာ အောက်တိုဘာ ၂၅ ရက် အစောပိုင်းမှာ ဘာရီရှယ်နဲ့ စစ်တကောင်းဒေသတို့ကြား ခေပူပါရာ ဧရိယာနားက တောင်ပိုင်း ကမ်းခြေကို ဝင်ရောက် တိုက်ခတ်နိုင်ပြီး တစ်နာရီလျှင် လေတိုက်နှုန်း ၅၅မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ မိုးလေဝသဌာနက ခန့်မှန်းပါတယ်။
ကမ်းရိုးတန်းတစ်လျှောက် ရွှံ့နွံတွေနစ်မြုပ်တာ၊ ဆက်သွယ်ရေးတာဝါတိုင်တွေ ပြိုလဲကျွတ်ထွက်တာနဲ့ လမ်းတွေ ရေနစ်မြုပ် သွားတာတွေ ဖြစ်နိုင်ပြီး မုန်တိုင်းဒီရေက ၁၀ ပေ အထိ ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။
ကမ်းရိုးတန်းတလျှောက် အန္တရာယ်ရှိတဲ့နေရာတွေက လူအားလုံးကို ဘေးကင်းရာနေရာတွေဆီ ရွှေ့ပြောင်းပေးထားတယ်လို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အငယ်တန်းဝန်ကြီး အီနာမူရ် ရာမန်က ပြောပါတယ်။
ဆိုင်ကလုန်း ကယ်ဆယ်ရေးစခန်းပေါင်း ၇၀၀၀ ကျော်မှာ လူဦးရေ ၃ သန်း ထားဖို့ ဆောက်လုပ်ထားတယ်လို့လဲ သူက ပြောပါတယ်။
ကောက်ဘဇားမြို့က ရိုဟင်ဂျာ တစ်သန်းကျော် နေထိုင်ရာ ဒုက္ခသည် စခန်းတွေမှာ ရိက္ခာ၊ တာပေါ်လင် နဲ့ ရေသန့်စင် ဆေးပြားတွေလို အရေးပေါ် ပစ္စည်းတွေကို သိုလှောင် သိမ်းဆည်း ထားပါတယ်။
အာဏာပိုင်တွေက ရိုဟင်ဂျာဒုက္ခသည် ၃၃,၀၀၀ နီးပါးကို စခန်းတွေကနေ ဘင်္ဂလားပင်လယ်အော် ထဲမှာရှိပြီး ရေကြီးလေ့ရှိတဲ့ ကျွန်းဆီ ပြောင်းရွှေ့ရင်း အိမ်ထဲမှာသာနေဖို့ အာဏာပိုင်တွေက အကြံပြုထားပါတယ်။