အမေရိကန်စစ်တပ်က အသံထက် မြန်သည့် ဒုံးပျံ ပစ်လွှတ်စမ်းသပ်

အမေရိကန်ရေတပ်နဲ့ စစ်တပ်က ဗာဂျီးနီးယားပြည်နယ်က ပင်လယ်ကမ်းစပ်မှာရှိတဲ့ ဒုံးပျံပစ်စင်ကနေ ဒုံးပျံတစင်းကို အောက်တိုဘာ ၂၆ ရက်က ပစ်လွှတ်ခဲ့ပါတယ်။
လက်နက်အဆင့်အတန်း အသစ်တခုကို တီထွင်ရာမှာ အထောက်အပံ့ဖြစ်စေဖို့ အသံထက်မြန်တဲ့ လက်နက်စမ်းသပ်မှု တဒါဇင်လောက်ကိုပြုလုပ်ဖို့ဖြစ်ပြီး စမ်းသပ်ချက် အောင်မြင်တယ်လို့လည်း ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။
ဗာဂျီးနီးယားပြည်နယ်မှာရှိတဲ့ အမေရိကန် အမျိုးသားအာကာသသိပ္ပံ နာဆာရဲ့ ဒီစမ်းသပ်မှုကို စန်ဒီယာ အမျိုးသားဓာတ်ခွဲခန်းက လုပ်ဆောင်ခဲ့တာပါ။
အသံထက်မြန်တဲ့ လက်နက်ဆက်သွယ်ရေးနဲ့ လမ်းကြောင်းပြကိရိယာတွေအပြင် လက်တွေ့ဆန်တဲ့ အသံထက်မြန်တဲ့၊ ပတ်ဝန်းကျင်မှာ အပူဒဏ်ခံနိုင်တဲ့ အဆင့်မြင့်ပစ္စည်းတွေကို အကဲဖြတ် စမ်းသပ်ခဲ့တယ်လို့ ရေတပ်က သတင်းထုတ်ပြန်ပါတယ်။
ဒုံးပျံက လေထုအပေါ်ပိုင်းကို ရောက်တော့မှ အသံထက်မြန်တဲ့ယာဉ်တွေကို ထပ်လွှတ်တင်ခဲ့တာပါ။
ဒီယာဉ်က အသံရဲ့အမြန်နှုန်းထက် ငါးဆကျော်အမြန်နှုန်းဖြစ်တဲ့ တနာရီ ၃,၈၅၃ မိုင်နှုန်းနဲ့ ပစ်မှတ်ဆီ ပျံသန်းသွားခဲ့ပါတယ်။
အမေရိကန်နဲ့ သူ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ပြိုင်ဘက်တွေဟာ လက်နက်မျိုးဆက်သစ်တွေနဲ့ အသံထက်မြန်တဲ့ လက်နက်တွေ ထုတ်လုပ်ဖို့ အရှိန်အဟုန် အရှိန်မြှင့်နေပါတယ်။
ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်ဖို့ ပင်တဂွန်ဟာ မြေပြင်စမ်းသပ်မှုနဲ့ စနစ်အပြည့်ပျံသန်းမှု စမ်းသပ်ခြင်းကြားမှာ အရေးပါတဲ့ ကွာဟချက်တခုကို ဖြည့်ဆည်းဖို့ သေးငယ်ပြီး စျေးပိုသက်သာတဲ့ စမ်းသပ်ယာဉ်ကိုသုံးရင်း စမ်းသပ်မှုနဲ့ ရှေ့ပြေးပုံစံတွေကို စတင်ဆောင်ရွက်ခဲ့ပါတယ်။
လော့ဟိဒ် မာတင် ကော်ပိုရေးရှင်းနဲ့ ရေသီယွန် တက္ကနိုလိုဂျီ ကော်ပိုရေးရှင်းတို့လို ကုမ္ပဏီတွေဟာ အမေရိကန်ရဲ့ အသံထက်မြန်တဲ့ လက်နက်စွမ်းရည်ကို မြှင့်တင်ဖို့ ဆောင်ရွက်နေပါတယ်။