အီရန်တွင် ရှီးယိုက်ဘုရားကျောင်း တိုက်ခိုက်ခံရပြီး ၁၃ ဦးသေဆုံး

အီရန်နိုင်ငံတောင်ပိုင်း၊ ဖားစ်ပြည်နယ်၊ ရှီရက်ဇ်မြို့ရှိ ရှီးယိုက်မွတ်စလင် ဘုရားကျောင်းကို အောက်တိုဘာ ၂၆ ရက်က တိုက်ခိုက်ခံရပြီး လူ ၁၃ ယောက် သေဆုံးခဲ့ပါတယ်။
အစောပိုင်းသတင်းတွေအရ အဲဒီတိုက်ခိုက်မှုမှာ သေနတ်သမား ၃ ယောက် ပါဝင်ခဲ့တယ်လို့ ဆိုပေမဲ့ အာမက်သတင်းထုတ်ပြန်ချက်မှာ တိုက်ခိုက်သူတယောက်သာ ပါဝင်ကြောင်း သိရပါတယ်။
တိုက်ခိုက်ရေးသမားဟာ ဘုရားကျောင်းဝင်းအတွင်းကို ဝင်ရောက်စီးနင်းခဲ့ပြီး အီရန်ရဲတွေနဲ့ ဘုရားကျောင်းအစောင့် အများအပြားကို ပစ်ခတ်ခဲ့ရာမှာ လူအများအပြား သေဆုံး ဒဏ်ရာရခဲ့ကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
တိုက်ခိုက်သူကို ဖမ်းဆီးရမိထားပြီး စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ထားကြောင်း ဒေသတွင်းရဲချုပ်က ပြောကြားခဲ့ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ မပြောကြားပါဘူး။
သမ္မတ အီဘရာဟင် ရိုင်စီကတော့ ဆွန်နီ မွတ်စလင် စစ်သွေးကြွတွေရဲ့ ပစ်ခတ်မှုကို မဖြေရှင်းဘဲ မနေဘူးလို့ ကတိပြုလိုက်ပြီး ဘုရားကျောင်းတိုက်ခိုက်မှုကို အီရန်က တုံ့ပြန်သွားမှာဖြစ်တယ်လို့ ရိုင်စီက နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြထားပါတယ်။
ပြည်ထဲရေးဝန်ကြီး အာမဒ်ဗာဟီဒီကတော့ ဒီဖြစ်စဉ်မှာ လူအများအပြား ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူအရေအတွက် ထပ်မံတိုးလာနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ကတော့ ဒီတိုက်ခိုက်မှုဟာ သူတို့အဖွဲ့ရဲ့လက်ချက်ဖြစ်တယ်လို့ အာမက်သတင်းဌာန တယ်လီဂရမ်မှာ ဖော်ပြထားပါတယ်။