close

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ၏ခင်ပွန်း နေအိမ်တွင် တိုက်ခိုက်ခံရ

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီရဲ့ခင်ပွန်း ပေါလ်ပေလိုစီဟာ သူတို့ရဲ့ဆန်ဖရန်စစ္စကိုနေအိမ်မှာ  အောက်တိုဘာ ၂၈ ရက်အစောပိုင်းက ဖောက်ထွင်းဝင်ရောက် တိုက်ခိုက်ခံခဲ့ရပြီး  သံသယရှိသူတဦးကို ဖမ်းဆီးထားကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ကျူးကျော်သူဟာ နန်စီပေလိုစီကို တွေ့ဆုံခွင့်တောင်းရင်း နေအိမ်ထဲ အတင်းဝင်လာတာဖြစ်ပြီး ပေါလ်ပေလိုစီကို တူတလက်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ နန်စီပေလိုစီဟာ လုံခြုံရေးအစီအမံတွေနဲ့ ဝါရှင်တန်ကို ရောက်ရှိနေတာပါ။ 

အသက် ၈၂ နှစ်အရွယ် ပေါလ်ပေလိုစီဟာ ဦးခေါင်းခွံရိုးကျိုးသွားပြီး ညာဘက်လက်မောင်းနဲ့ လက်တွေမှာ ဒဏ်ရာတွေရရှိခဲ့လို့ ဆန်ဖရန်စစ္စကိုဆေးရုံကို ခေါ်ဆောင်သွားခဲ့ကြောင်း အောက်လွှတ်တော်ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူ့ရဲ့ခင်ပွန်း အပြည့်အဝ ပြန်လည်ကျန်းမာလာမယ်လို့ ဆရာဝန်တွေက မျှော်လင့်ထားကြောင်း လည်း ဖော်ပြပါတယ်။

အခင်းဖြစ်ပွားရာမှာ ဖမ်းမိထားတဲ့ အသက် ၄၂ နှစ်အရွယ် ဒေးဗစ်ဒီပါပေကို လူသတ်ရန်ကြိုးပမ်းမှု သံသယနဲ့ ဆန်ဖရန်စစ္စကိုကောင်တီ အကျဉ်းထောင်ကို ပို့ဆောင်ထားပြီး သေစေလောက်တဲ့ လက်နက်နဲ့ ကျူးလွန်မှု၊ သက်ကြီးရွယ်အိုတွေကို ညှဉ်းပန်းနှိပ်စက်မှု၊ ဖောက်ထွင်းမှု၊ တခြားရာဇ၀တ်မှုတွေနဲ့ စွဲဆိုသွားမှာဖြစ်ကြောင်း ဆန်ဖရန်စစ္စကို ရဲတပ်ဖွဲ့အကြီးအကဲ ဝီလျံစကော့က ပြောကြားခဲ့ပါတယ်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီရဲ့ ခင်ပွန်းအပေါ် တိုက်ခိုက်မှုဟာ စက်ဆုပ်ဖွယ် ကောင်းပြီး လူတိုင်းဟာ နိုင်ငံရေးမှာ အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့ဘက်မှာ ရပ်တည်ဖို့လိုကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အောက်တိုဘာ ၂၈ ရက်မှာ ပြောကြားလိုက်ပါတယ်။ 

ဒုသမ္မတ ကမလာ ဟားရစ်စ် က ဒီဖြစ်ရပ်ဟာ အစွန်းရောက်အကြမ်းဖက်မှုလို့ ခေါ်ဆိုလိုက်ပြီး ဒီတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် နိုဝင်ဘာ ၈ ရက် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး အကြမ်းဖက်မှုအဖြစ် စိုးရိမ်ကြောက်လန့်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up