အိန္ဒိယနှင့် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်ရရန် ဗြိတိန်ကြိုးစား

ဗြိတိန်နိုင်ငံဟာ အိန္ဒိယနဲ့ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ရဖို့ ဦးစားပေး လုပ်ဆောင်နေတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ်ကလဲဗားလီးက အောက်တိုဘာ ၂၉ ရက်မှာ ပြောပါတယ်။
ဒါပေမဲ့ ဒီလအတွင်း နောက်ဆုံး သတ်မှတ်ရက် ကျော်သွားပြီးတဲ့နောက် ထပ်ပြီး အသစ် သတ်မှတ်မယ့် နောက်ဆုံးရက်ကို ပြောဖို့ကို ငြင်းခဲ့ပါတယ်။
နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ အခုသီတင်းပတ်အတွင်း ဗြိတိန်ရဲ့ ပထမဆုံး အိန္ဒိယနွယ်ဖွား ဝန်ကြီးချုပ်ဖြစ်လာသူ ရီရှီဆူနတ်ခ်ရဲ့ လက်ထက်မှာ ပိုတိုးတက်ကောင်းမွန်လာမယ်လို့လည်း အိန္ဒိယမြို့တော် နယူးဒေလီမှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာနဲ့ တွေ့ဆုံမှုအပြီး ဂျိမ်းစ်က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
ကုန်သွယ်ရေး သဘောတူညီချက်ကို ဒီနှစ်မှာ အပြီးသတ်နိုင်မလားဆိုတာကိုလည်း ဂျိမ်းစ်က မပြောခဲ့ပါဘူး။ အခုအချိန်မှာ ဒေါ်လာ ၃၁ ဘီလီယံကျော်ရှိနေတဲ့ အပြန်အလှန် ကုန်သွယ်မှု တန်ဖိုးကို ၂၀၃၀ ခုနှစ်မှာ နှစ်ဆ တိုးချင် နေကြတာပါ။
ကမ္ဘာ့ စီးပွားရေးအင်အားကြီး ခုနှစ်နိုင်ငံအဖွဲ့ G7 ရဲ့ ရုရှားရေနံ ဈေးနှုန်းကို ကန့်သတ်မယ့် အစီအစဉ်နဲ့ အိန္ဒိယလို နိုင်ငံတွေကပါ ဗြိတိန်ရဲ့ မူဝါဒကို သဘောတူဖို့ ကမ်းလှမ်းမလား ဆိုတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဗြိတိန်ဟာ အိန္ဒိယအစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒကို ချမှတ်မှာ မဟုတ်ဘူးလို့ ဂျိမ်းစ်က ပြောပါတယ်။
အိန္ဒိယနှင့် ရုရှားတို့ဟာ ကာကွယ်ရေးဆိုင်ရာ နီးကပ်တဲ့ ဆက်ဆံရေးရှိပြီး အိန္ဒိယဟာ ယူကရိန်းစစ်ပွဲ စတင်ကတည်းက ရုရှားရေနံကို အဓိက ဝယ်ယူသူ ဖြစ်လာ ခဲ့ပါတယ်။