close

မုံရွာနှင့်ကလေးမြို့တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ၊ ၆ ဦးထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၊ ဗိုလ်တေဇလမ်းနဲ့ ပိတောက်လမ်းဒေါင့်၊ ဦးမြအေးလမ်းမှာ ကင်းပုန််ယူထားတဲ့ စစ်ကောင်စီတပ်ကို အောက်တိုဘာ ၃၀ ရက် မနက် ၁ နာရီက ဗုံးပစ်တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၆ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

တပ်သား ၁၀ ယောက်လောက် ကင်းပုန်းယူတဲ့နေရာကို ဗုံး ၃ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) တပ်ရင်း ၆၊ တပ်ခွဲ ၁ (မုံရွာတပ်ခွဲ) တာဝန်ခံက ပြောပါတယ်။

"ဒီကောင်တွေက ကင်းပုန်းကို အဲဒီနားမှာ ၃ နေရာချတယ်။ အရင်ဆုံး လက်ပစ်ဗုံး ၁ လုံး ပစ်ထည့်လိုက်တယ်။ သူတို့ အုပ်စုထဲ တည့်တည့်ဝင်သွားတာ။ ပေါက်ကွဲကုန်တော့မှာပဲ ဘာညာအသံတွေ ဆူညံပွက်သွားတော့ ကင်းပုန်းဆိုတာ သေချာပြီဆိုပြီး နောက်ထပ် ၂ လုံး ထပ်ပစ်လိုက်တယ်။ သေတာ ၆ ယောက်အထက်မှာ ရှိတယ်။" 

ဗုံးကွဲပြီးနောက် သေဆုံးဒဏ်ရာရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မုံရွာမြို့အမှတ် ၂ နယ်မြေ ရဲစခန်းထဲ သယ်ဆောင်သွားကြပြီး လူနာတင်ကားတွေလည်း ရဲစခန်းထဲ ဝင်သွားကြတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို မြန်မာတော်ဝင်နဂါးတပ်တော် တပ်ရင်း ၆၊ တပ်ခွဲ ၁ (မုံရွာတပ်ခွဲ) နဲ့ နွေဦးသစ္စာ ပြောက်ကျားအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၄ ရက်ကလည်း မုံရွာမြို့ ဘိုးဘွားရိပ်သာအဝိုင်းပတ်အနီးမှာ ရပ်ထားတဲ့ စစ်ကောင်စီကားအတွင်းကို ဒေသကာကွယ်ရေးအဖွဲ့က ဗုံးပစ်တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၃ ယောက်ထက် မနည်းသေဆုံးခဲ့ပါတယ်။

ကလေးမြို့၊ နတ်ချောင်းလမ်းမပေါ်ရှိ ဇမ္ဗူလင်းလက်ဖက်ရည်ဆိုင်ဘေးက မြို့သာ တံတားပေါ်မှာလည်း အောက်တိုဘာ ၂၉ ရက်က  စစ်ကားတစီးကို ကလေးမြို့ပြတော်လှန်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"စစ်ကားအသေးတစီး မြို့ထဲကနေ တောင်ပိုင်းကို ထွက်လာတာ။ တံတားပေါ်ရောက်တော့ ပေါက်ကွဲသံ အကျယ်ကြီး ကြားလိုက်ရတယ်။ တဆက်တည်း သေနတ်ပစ်သံတွေရော ကြား လိုက်ရတယ်။"

ကြိုတင် သတင်းရတဲ့အတွက် အသင့်စောင့်ဆိုင်းမိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ကလေးမြို့ပြ တော်လှန်ရေး Operation Mo Mo အဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့တဲ့ ရဲဘော်တဦးက  ပြောပါတယ်။

"တံတားပေါ်မှာ ရှေ့ထွက်မိုင်းနဲ့ တိုက်ခိုက်ခဲ့တာ။ မိုင်းဆွဲပြီး ပြေးရတဲ့အခြေအနေဆိုတော့ အတည်ပြုလို့ မရခဲ့ဘူး။"

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကားဟာ ယိမ်းယိုင်သွားခဲ့ပြီး မိုင်းပေါက်ကွဲမှုကြောင့် တံတား‌ အနည်း‌ငယ်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၈ ရက်ညကလည်း ကလေးမြို့ပေါ်မှာ မီးသပိတ်လုပ်ချိန် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခြောက်လှန့်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up