close

လစာတိုးပေးရန် တောင်းဆိုသည့် မြန်မာပေါင်ချိန်စက်ရုံအလုပ်သမား ၃၀ ခန့် အလုပ်ထုတ်ခံရ

လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့တဲ့ ရွှေပြည်သာမြို့နယ်ရှိ မြန်မာပေါင်ချိန်ဖိနပ်စက်ရုံမှ အလုပ်သမား ၃၀ နီးပါး အလုပ်ထုတ်ခံထားရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အဲဒီစက်ရုံက အလုပ်သမားတွေဟာ အောက်တိုဘာ ၂၅ ရက်ကစပြီး လုပ်ခလစာတိုးမြှင့်ပေးဖို့ စက်ရုံဧရိယာဝင်းအတွင်း ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။

စက်ရုံတာဝန်ရှိသူတွေက အလုပ်သမားတွေရဲ့ တောင်းဆိုမူကို အလေးမထားတဲ့အပြင် ဆန္ဒပြပွဲ ဦးဆောင်တယ်လို့ ယူဆထားတဲ့ အလုပ်သမားတွေကို အလုပ်ကထုတ်ပယ်ပြီး နောက်ထပ်တောင်းဆိုမှုတွေ မလုပ်နိုင်အောင် ဖိနှိပ်မှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

အလုပ်ထုတ်ခံလိုက်ရတဲ့ လုပ်သားတဦးက "လက်ရှိအချိန်အထိ သိထားရသလောက်တော့ အထုတ်ခံရတဲ့ အလုပ်သမား ၂၇ ယောက်ရှိပြီ။ ညီမတို့ကတော့ ဥပဒေပါအတိုင်း ဆောင်ရွက်တာဖြစ်လို့ သူတို့အလုပ်ထုတ်တာကို အသိအမှတ်ပြုမထားဘူး" လို့ ပြောပါတယ်။

စက်ရုံက အလုပ်ထုတ်ခံရသူတွေဟာ အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC) ကို ချိုးဖောက်တာကြောင့် နစ်နာကြေးမပေးဘဲ ထုတ်ရတာလို့ အကြောင်းပြထားပါတယ်။

EC စာချုပ်ပါ အလုပ်သုံးရက်ပျက်ကွက်လို့ဆိုပြီး အကြောင်းပြပေမယ့် ၁၉၅၁ အလုပ်သမားဥပဒေအရ  အလုပ်ပျက်ရာ မရောက်ဘဲ တောင်းဆိုမှုတွေ ပြုလုပ်နိုင်တယ်ဆိုတဲ့အချက်နဲ့ ဆန္ဒပြခဲ့တာလို့ အလုပ်သမားတွေကဆိုပါတယ်။

အခုလို စက်ရုံဘက်ကတဖက်သတ် အလုပ်က ထုတ်တာနဲ့ပတ်သက်လို့ ဥပဒေနဲ့အညီ ဆက်ပြီးရင်ဆိုင်သွားမယ်လို့ သူတို့က ပြောပါတယ်။

မြန်မာပေါင်ချိန်ဖိနပ်စက်ရုံဟာ Adidas အမှတ်တံဆိပ်ဖိနပ် အဓိကချုပ်နေတာလို့ သိရပါတယ်။

အဲဒီစက်ရုံအလုပ်သမားတွေက တရက်လုပ်ခ ၄၈၀၀ ကျပ်အစား ၈၀၀၀ ကျပ် တိုးမြှင့်ပေးဖို့ တောင်းဆိုထားကြတာပါ။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up