ကိယက်ဗ်မြို့ကို ရုရှားက လေကြောင်းမှ တကျော့ပြန်တိုက်ခိုက်

ရုရှားက လေကြောင်းကနေ ဒုံးကျည်တွေ မိုးရွာသလို ပစ်ခတ်ရင်း တကျော့ပြန် တိုက်ခိုက်နေလို့ အောက်တိုဘာ ၃၁ ရက်က ယူကရိန်းနိုင်ငံ တဝန်း လေကြောင်းစီးနင်းမှု ဥဩသံတွေ ဆူညံနေပြီး မြို့တော် ကိယက်ဗ်မှာ ပေါက်ကွဲသံတွေ ထွက်ပေါ်နေပါတယ်။
တိုက်ခိုက်မှုကြောင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေ ထိခိုက်ခဲ့ပြီး နေရာအများအပြားမှာ လျှပ်စစ်နှင့် ရေ ပြတ်တောက်သွားတယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက ပြောပါတယ်။
ရုရှားရဲ့ လေကြောင်းစီးနင်းမှုကြောင့် ကိယက်ဗ်မြို့ခံ ၈၀ ရာခိုင်နှုန်းလောက် ရေပြတ်တောက်ခဲ့ ရတာပါ။
မြို့တော်ဝန် ဗစ်တာလီ ကလစ်ချ်ကိုက လေးနာရီအတွင်း မြို့ရဲ့နေရာအများစုမှာ ပြန်ဖြန့်ဖြူး နိုင်မယ်လို့ ပြောပေမယ့် လူအများအပြားက ဈေးဆိုင်တွေမှာ ရေပြေးဝယ်ခဲ့ကြပါတယ်။
သိမ်းပိုက်ခံ ခရိုင်းမီးယားရှိ ရုရှားရဲ့ ပင်လယ်နက်ရေယာဉ်အုပ်စုကို မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်ခဲ့လို့ ယူကရိန်းကို ရုရှားက အပြစ်တင်ခဲ့ပြီးတဲ့နောက် ခုလို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။