ရုရှားတိုက်ခိုက်မှုကြောင့် ကိယက်ဗ်မြို့ရှိ ဓာတ်အားပေးစက်ရုံ ၃ ရုံပျက်စီး

ယူကရိန်းနိုင်ငံကို ရုရှားရဲ့ အောက်တိုဘာ ၁၀ ရက်နေ့က နောက်ဆုံးတိုက်ခိုက်မှုကြောင့် ကိယက်ဗ်မြို့ရှိ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ၃ ရုံ ပျက်စီးခဲ့ပြီး တမြို့လုံး လျှပ်စစ်မီး ပြတ်တောက်သွားခဲ့ပါတယ်။
ပထမဆုံးဒုံးကျည်ဟာ အရေးကြီးတဲ့ အခြေခံအဆောက်အဦတွေ မရှိတဲ့ မြို့ရဲ့ အချက်အချာကျတဲ့ လမ်းဖြတ်နေရာကို ကျရောက်ပေါက်ကွဲခဲ့ပြီး အနည်းဆုံး လူ ၅ ယောက် သေဆုံးခဲ့ပါတယ်။ အဲဒီနေရာမှာ ဒုံးကျည်ကြောင့် ရေပိုက်တွေနဲ့ ရေနုတ်မြောင်းတွေ ပျက်စီးသွားပေမဲ့လည်း တရက်အတွင်းမှာပဲ ပြန်ပြုပြင်ခဲ့ပါတယ်။
ဒုံးကျည်တိုက်ခိုက်မှုကြောင့် အခြေခံအဆောက်အဦ ၅ ခုလည်း ပျက်စီးခဲ့ပြီး အဲဒီထဲက ၃ ခုဟာ အပူစွမ်းအင်သုံးစက်ရုံတွေ ဖြစ်တာကြောင့် တမြို့လုံး လျှပ်စစ်မီး ပြတ်တောက်ခဲ့ရတာပါ။ ညနေ ၅ နာရီကနေ ည ၁၀ နာရီအထိ မီးပိတ်ထားကြဖို့ အစိုးရက တိုက်တွန်းထားပါတယ်။ လူတွေကိုလည်း လက်ထဲမှာ အစားအသောက် အနည်းငယ်နဲ့ အရေးကြီးစာရွက်စာတမ်းတွေ ဆောင်ထားကြဖို့၊ လေကြောင်းရန် အချက်ပေးစည်းမျဉ်းတွေကို လိုက်နာဖို့ အကြံပြုထားပါတယ်။