close

ထီးလင်းတိုက်ပွဲတွင် ဒဏ်ရာရသွားသည့် စစ်ကောင်စီတပ်ရင်းမှူး ၁ ဦး သေဆုံး

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ နိုဝင်ဘာ ၁ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ဒဏ်ရာရရှိသွားသူတွေအထဲက စစ်ကောင်စီရဲ့ ဗိုလ်မှူးအဆင့်ရှိ တပ်ရင်းမှူးတယောက် ထပ်မံသေဆုံးခဲ့တယ်လို့ YDF-ထီးလင်းကနေ သိရပါတယ်။

ယောဒေသကာကွယ်ရေးတပ်ဖွဲ့-YDF ရဲ့ ဗျူဟာမှူး သခင်ဇော်က “ပါးမျဥ်းကျေးရွာနားမှာ မနေ့ နိုဝင်ဘာ ၁ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ ဒဏ်ရာရသွားတဲ့အထဲက တယောက်က လျှောသွားတယ်။ သေတဲ့သူက စုစုပေါင်း ၅ ယောက်ဖြစ်သွားပြီး ဒဏ်ရာရသူ ၄ ယောက် ဖြစ်သွားတာပေါ့။ သေသွားတဲ့သူက ဗိုလ်မှူးအဆင့်ရှိတဲ့ တပ်ရင်းမှူး/စစ်ကြောင်းမှူးလို့ အတွင်းသတင်းပေးတွေဆီကနေ သိရပြီး ခါးကို သေနတ်ထိမှန်ဒဏ်ရာ ရရှိကာ သေဆုံးခဲ့တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပါးမျဥ်းရွာဘက်ကို စစ်ကြောင်းထိုးနေတဲ့ထဲက စစ်ကောင်စီတပ် အင်အား ၃၀ လောက်ဟာ မနေ့က နိုဝင်ဘာ ၁ ရက် ည ၇ နာရီလောက်မှာ အဲဒီဒဏ်ရာရတဲ့ တပ်ရင်းမှူးကို ထီးလင်းမြို့ သွားပို့တယ်လို့ ကြားပြီး လမ်းမှာပဲသေတာလား ထီးလင်းရောက်မှ သေတာလား ဆိုတာကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

“စစ်(...)တွေက ယောဒေသထဲကို စစ်ကြောင်းထိုးမယ်ဆိုရင် ခလရ ၅၀ နဲ့ ကျောက်ထု အမြောက်တပ်ထဲမှာ တခြားတပ်ရင်းတွေက လာစုပြီးမှာ စစ်ကြောင်းပြန်ထွက်တာဖြစ်လို့ ဘယ်တပ်က တပ်ရင်းမှူးလဲ ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘဲ အဲဒီစစ်ကြောင်းမှာ ဗိုလ်မှူးအဆင့်ရှိသူ အပါအဝင် အရာရှိ ၆ ယောက်ပါတယ်လို့ ကြားသိရတယ်” လို့ သခင်ဇော်က ပြောပါတယ်။

အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ တလကျော်အတွင်းမှာ ကျေးရွာ ၈ ရွာက အိမ်ခြေ ၁၀၀ ကျော်လောက်ကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ကာ အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ခိုးယူကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါ တပ်ရင်းမှူး ဒဏ်ရာရပြီး သေဆုံးသွားတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက် သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up