အီကွေဒေါတွင် ဖောက်ခွဲတိုက်ခိုက်မှုများကြောင့် ရဲအရာရှိ ၅ ဦးသေဆုံးပြီး အရေးပေါ် အခြေအနေကြေညာ

အီကွေဒေါနိုင်ငံမှာ နိုဝင်ဘာ ၁ ရက်က လူတွေပြည့်ကျပ်ပြီး ပြစ်ဒဏ်ပေးကြမ်းတဲ့ အကျဉ်းထောင်တွေကနေ အကျဉ်းသားတွေ ပြောင်းရွှေ့တာကို ဆန့်ကျင်တုံ့ပြန်တဲ့ ဖောက်ခွဲတိုက်ခိုက်မှုတွေကြောင့် ရဲအရာရှိ ၅ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး သမ္မတ ဂီလာမို လာ့ဆိုက ပြည်နယ်နှစ်ခုမှာ အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။
အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ဂွိုင်ယာစ်နဲ့ အက်စ်မရဲလ်ဒါပြည်နယ်တွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ စစ်ဆင်ရေးတွေကို အရှိန်မြှင့် ဆောင်ရွက်မှာဖြစ်ပြီး ဒေသစံတော်ချိန် ည ၉ နာရီကစပြီး ညမထွက်ရအမိန့်ထုတ်ထားပါတယ်။
မြို့နှစ်မြို့က ပေါက်ကွဲမှု ၉ ခု အပါအဝင် ညလုံးပေါက် တိုက်ခိုက်မှုတွေနဲ့ အင်္ဂါနေ့ မနက်အစောပိုင်းက တိုက်ခိုက်မှုတွေဟာ မူးယစ်မှောင်ခိုဂိုဏ်းတွေရဲ့ ပွင့်ပွင့်လင်းလင်း စစ်ကြေညာခြင်းပဲဖြစ်ကြောင်း သမ္မတ လာ့ဆိုက သူ့ရဲ့ ရုပ်သံမိန့်ခွန်းထဲမှာ ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် သမ္မတ လာ့ဆိုက သူ့ရဲ့ အမေရိကန်ကိုသွားမယ့် ကိုယ်ရေးကိုယ်တာ ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီး အကြမ်းဖက်မှုကို တန်ပြန်ဖို့ ကြိုးစားတဲ့အနေနဲ့ အရေးပေါ်ကြေညာချက်တွေကို အကြိမ်ကြိမ် ထုတ်ပြန်ခဲ့ပါတယ်။
အင်္ဂါနေ့ မနက်အစောပိုင်းက အနောက်ပိုင်း ဂွိုင်ယာကေးလ်မြို့ရဲ့ နေရာတော်တော်များများမှာ ပေါက်ကွဲမှု ၆ ခု ဖြစ်ပွားခဲ့ပြီး ဆင်ခြေဖုံးရပ်ကွက်ရှိ ကင်းလှည့်ကားတစီးကို တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
မနေ့နှောင်းပိုင်းက မြို့နဲ့အနီးတဝိုက်မှာ တခြားအရာရှိ ၃ ယောက် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က တွစ်တာမှာ ပြောထားပါတယ်။
အက်စ်မရဲလ်ဒါမှာလည်း အကျဉ်းသားအပြောင်းအရွှေ့ကို ကန့်ကွက်တဲ့အနေနဲ့ ပေါက်ကွဲမှု ၃ ခု ဖြစ်ပွားခဲ့ပြီး ထောင်အရာရှိ ၇ ယောက်ကို အကျဉ်းသားတွေက ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပါတယ်။ နောက်ပိုင်းမှာ ညှိနှိုင်းပြီးတော့ အရာရှိတွေကို ပြန်လွှတ်ပေးခဲ့ကြောင်း အကျဉ်းထောင်အေဂျင်စီ SNAI က ပြောပါတယ်။
အပြောင်းအရွှေ့တွေဟာ အကျဉ်းထောင်အတွင်း လူဦးရေထူထပ်မှုကို လျှော့ချဖို့နဲ့ အကျဉ်းထောင်အတွင်း နေထိုင်သူတွေရဲ့ လုံခြုံမှုကို သေချာစေဖို့ ရည်ရွယ်ကြောင်း SNAI က ပြောပါတယ်။