close

သံဖြူဇရပ်-ရေး ကားလမ်းတွင် စစ်ကောင်စီတပ်များ တရက်တည်း ၂ ကြိမ် တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေး ကားလမ်းမှာ နိုဝင်ဘာ ၁ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ၂ ကြိမ်ဆက်တိုက် တိုက်ခိုက်ခံရပြီး ၉ ယောက်သေဆုံးကာ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့  မွန်ပြည်နယ် တောင်ညိုပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သံဖြူဇရပ်-ရေး ကားလမ်းမှာ အောက်တိုဘာ ၁ ရက် မွန်းလွဲ ၃ နာရီလောက်က ကင်းချဖို့လာတဲ့ စစ်ကား ၂ စီး ဝဲခမိရွာနဲ့ ရွာသာအေးရွာကြားမှာ ကားပေါ်ကနေဆင်းပြီး ခြေလျင်ချီတက်လာတုန်း မွန်ပြည်နယ် တောင်ညိုပြောက်ကျားတပ်ဖွဲ့က ချုံခိုတိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

တရက်တည်းမှာပဲ သံဖြူဇရပ်ကနေ ရေးမြို့ဘက်ကို ထွက်ခွာလာတဲ့ စစ်ကား ၆ စီးပါ ယာဉ်တန်းကို ည ၇ နာရီလောက်က ရွာသာအေးရွာနဲ့ ပိန္နဲတောရွာအကြားမှာ မွန်ပြည်နယ် တောင်ညိုပြောက်ကျားတပ်ဖွဲ့က ထပ်မံ ချုံခိုတိုက်ခဲ့ရာ စစ်သား ၅ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

သံဖြူဇရပ်-ရေး ကားလမ်းမှာ စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိပြီး စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံး များပြားနေတယ်လို့ ဒေသခံပြောက်ကျားတပ်တွေက ပြောပေမဲ့  သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။

သံဖြူဇရပ်-ရေး ကားလမ်းမှာ အဆိုပါ တိုက်ပွဲတွေကြောင့် ဒီနေ့အထိ အရပ်သား ၃ ‌ယောက် သေဆုံးခဲ့ပြီး ၃ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

သံဖြူဇရပ်-ရေး ကားလမ်းမှာ သွားလာကြတဲ့ ခရီးသွားတွေ သတိရှိကြဖို့၊ စစ်ကောင်စီကားနဲ့ အတူမသွားလာကြဖို့ မွန်ပြည်နယ် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။

အဆိုပါဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က လတ်တလော သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up