close

ပေါက်မြို့နယ်တွင် အမျိုးသမီး ၁ ဦးကို PDF သတင်းပေးဟု စွပ်စွဲပြီး စစ်တပ် ဖမ်းဆီး

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ နိုဝင်ဘာ ၁ ရက် မနက်ပိုင်းက ဒေသခံ အမျိုးသမီးတယောက်ကို PDF သတင်းပေးလို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညောင်ပင်သာကျေးရွာက အသက် ၄၀ ကျော်အရွယ် ဒေါ်ရီကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ပျူစောထီးတွေရဲ့ လှုပ်ရှားမှုကို PDF တွေကို သတင်းပေးတယ်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က နိုဝင်ဘာ ၁ ရက် မနက် ၁၀ နာရီလောက်မှာ ဖမ်းဆီးသွားတယ်လို့ ညောင်ပင်သာရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“သူက ရွာမှာပဲ အေးအေးဆေးဆေး တောင်သူလုပ်ငန်းပဲ လုပ်ကိုင်တာပါ။ ဒါကတော့ ရွာမှာရှိတဲ့ ပျူ(...)တွေကနေ တမင်သက်သက် ချောက်ချတာ ဖြစ်နိုင်တယ်။ ဒေါ်ရီကိုတော့ ပေါက်မြို့မရဲစခန်း စစ်ကြောရေးကို ခေါ်သွားကြတယ်။”

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အပေါင်းပါတွေဟာ အပြစ်မဲ့ ဒေသခံပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ဝင်၊ PDF ထောက်ပံ့သူ၊ မမှန်သတင်း ရေးသားဖြန့်ဝေသူလို့ ခေါင်းစဥ်အမျိုးမျိုးတပ်ပြီး မတရား ဖမ်းဆီးနှိပ်စက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ နိုဝင်ဘာ ၂ ရက်နေ့အထိ နိုင်ငံတဝန်း မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၂,၈၃၀ ယောက်ရှိပြီး အဲဒီထဲက ၁,၆၂၄ ယောက် ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up