နွေဦးတော်လှန်ရေးမှာ တရားဝင်မှုနဲ့ လက်ဦးမှုရရှိရေး

နွေဦးတော်လှန်ရေးမှာ တရားဝင်မှုရရှိရေးနဲ့ လက်ဦးမှုရရှိရေးဟာ အရေးပါဆုံးအချက် ဖြစ်နေတယ်။ တရားဝင်မှု ဆိုတာကတော့ Legitimacy ကို ပြောတာပါ။ ဥပဒေကြောင်းအရ လူထုဆန္ဒသဘောထားပါတဲ့ လူထုတင်မြှောက်ခြင်းခံရတဲ့ အဖွဲ့အစည်းကို ပြောတာ။ လက်ဦးမှုဆိုတာ ကိုယ့်ဘက်က အသာစီးရအောင် လုပ်ဆောင်နိုင်တာကို ဆိုလိုတာ။ ဒီနှစ်ချက်ဟာ တော်လှန်ရေး ဦးဆောင်အဖွဲ့တွေအတွက် မရှိမဖြစ် လုပ်ဆောင်ကြရမှာပဲ ဖြစ်တယ်။
နမူနာအနေနဲ့ကြည့်ရင် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပြတ်ပြတ်သားသား အနိုင်ရခဲ့တယ်။ ဒါကြောင့်လည်းသူ့မှာ တရားဝင်မှုရပြီးဖြစ်တယ်။ ၂၀၂၁ ဖေဖော်ဝါရီလထဲရောက်တော့ စစ်တပ်က ဖွဲ့စည်းပုံကိုကျော်လွန်ပြီး အာဏာသိမ်းလိုက်တယ်။ အာဏာသိမ်းလိုက်ပေမဲ့ လူထုနှလုံးသားမှာက တရားဝင်မှုဝိညာဉ်က ပျောက်ဆုံးမသွားခဲ့ဘူး။ ခိုတွယ်နေခဲ့တယ်။
ပျောက်ဆုံးမသွားခဲ့ပေမဲ့ တရားဝင်မှုကို ဒီအတိုင်းထားလို့မရဘူး။ အသုံးချနိုင်ဖို့လိုတယ်။ အသစ်ကို တည်ဆောက်ဖို့ လိုလာတယ်။ နိုင်ငံရေးအရ လက်ဦးမှုယူဖို့ လိုလာတယ်။ အဲဒီလို လက်ဦးမှုမယူနိုင်ရင် တရားဝင်မှုဟာ ကြာလာတာနဲ့အမျှ ဆုံးရှုံးသွားနိုင်တယ်။ ဒါကြောင့် စစ်တပ်က အာဏာသိမ်းပြီး မကြာခင်မှာ NLD ရဲ့ ရွေးကောက်ခံကိုယ်စားလှယ်တချို့နဲ့ စုစည်းပြီး CRPH ဆိုပြီး တော်လှန်လွှတ်တော်တရပ်ကို ဖွဲ့စည်းလိုက်ရတာဖြစ်တယ်။ ဒါဟာ ရန်သူအပေါ်မှာ လက်ဦးမှု အရယူလိုက်တာပဲ။ နိုင်ငံရေးအရ အသာစီးယူလိုက်တာ။
တနိုင်ငံလုံးမှာရှိတဲ့ ကျောင်းသား၊ အလုပ်သမား၊ လယ်သမားနဲ့ ပြည်သူတွေဟာ အုံကြွပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်တပ်က ပစ်ခတ်နှိမ်နင်းတယ်။ ပြည်သူတွေသွေး မြေခခဲ့တယ်။ အဲဒီအတွက် လူထုဟာ အရင်ကထက်ပိုလို့ ဆန္ဒပြမှုမှာ ပါဝင်လာတယ်။ မကြာမီမှာ CRPH ကနေ NUG အစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်နိုင်တယ်။ ဒါဟာ အာဏာသိမ်းစစ်အုပ်စုကို နောက်ထပ် လက်ဦးမှု အသာစီးယူလိုက်နိုင်တယ်။ အဲ့ဒီမှာ စစ်ကောင်စီဟာ မအောင်မြင်တဲ့ အာဏာသိမ်းစစ်တပ်ကနေ အာဏာလုစစ်တပ်အဖြစ်နဲ့ သတ်မှတ်ခံရတယ်။
နောက်တဆင့်မှာတော့ EROs တွေနဲ့ စေ့စပ်ညှိနှိုင်း လုပ်ဆောင်လာနိုင်ခဲ့တယ်။ မကြာခင်မှာ PDF လို့ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပေါ်လာတယ်။ ရရာလက်နက်နဲ့ တော်လှန်လာကြတယ်။ အစပိုင်းမှာ တူမီးလောက်နဲ့ တော်လှန်လာရာကနေ နောက်ဆုံး မောင်းပြန်လက်နက်ကိုင်ပြီး တိုက်ပွဲဝင်လာနိုင်ခဲ့တယ်။ စစ်တပ်ဟာ ပြည်သူ့ရန်သူ ဖြစ်လာတယ်။ မအောင်မြင်နိုင်တဲ့ အာဏာသိမ်းမှုအဖြစ် ကမ္ဘာ့နိုင်ငံတွေက သတ်မှတ်လာကြတယ်။ အခုချိန်ထိ အာဏာလုစစ်တပ်ဟာ တရားဝင်မှုအရရော နိုင်ငံရေးလက်ဦးမှုအရပါ ဆုံးရှုံးနေဆဲဖြစ်တာကို တွေ့ရတယ်။
အဲ့ဒီအတွက် စစ်တပ်က သူ့နိုင်ငံရေးထွက်ပေါက်အဖြစ် တရားဝင်မှုကို အသာစီးယူနိုင်ဖို့အတွက် ၂၀၂၃ မှာ ပီအာအခြေခံတဲ့ ရွေးကောက်ပွဲလုပ်ဖို့ ကြံရွယ်နေတာကို တွေ့ရတယ်။ အဲ့ဒီရွေးကောက်ပွဲကနေ တရားဝင်မှုနဲ့ နိုင်ငံရေးအသာစီးယူဖို့ အပူတပြင်း စိုင်းပြင်းနေခြင်း ဖြစ်တယ်။ မတည်ငြိမ်တဲ့ နယ်မြေတွေကို ချန်ထားပြီး ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာတင် စစ်တပ်က အမဲရိုးပစ်ကြွေးထားတဲ့ ပါတီတချို့နဲ့ လုပ်ဖြစ်အောင်လုပ်ဖို့ ပြင်ဆင်နေတာ ဖြစ်တယ်။ ဘယ်အတိုင်းအတာထိ အောင်မြင်မယ် မဆိုနိုင်ပါဘူး။
ဒီနေရာမှာ ၁၉၈၈ အခြေအနေနဲ့ ဒီနေ့အခြေအနေတွေကို နှိုင်းယှဉ်သတိပြုမိဖို့လိုတယ်။ မတူညီတဲ့ အခြေအနေနှစ်ခုကို နှိုင်းယှဉ်အကဲဖြတ်သင့်တယ်။ ၁၉၈၈ မှာ စစ်တပ်က အာဏာသိမ်းလိုက်ချိန် အတိုက်အခံအင်အားစုဘက်မှာ တရားဝင်မှု ပျောက်ဆုံးနေချိန် ဖြစ်တယ်။ ABSDF ဆိုတဲ့ ကျောင်းသားတပ်မတော် ပေါ်လာတယ်။ နိုင်ငံရေးလက်ဦးမှု ရခဲ့ပေမဲ့ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းက အခုခေတ်နဲ့မတူတော့ ကျောင်းသားတပ်မတော်လည်း ကမ္ဘာနိုင်ငံတွေဆီခိုလှုံဖို့ ဖြစ်လာတယ်။
၁၉၉၀ ပြည့်နှစ်မှာ မြေပေါ်နိုင်ငံရေးကိုကြည့်ပြန်တော့ ရွေးကောက်ပွဲ ကျင်းပခဲ့ရာမှာ NLD ပါတီက အပြတ်အသတ် အနိုင်ရခဲ့တယ်။ နိုင်ငံရေးအရ NLD ပါတီက အသာစီးရခဲ့တယ်။ လက်ဦးမှုရခဲ့တယ်။ စစ်တပ်က နိုင်ငံရေးလက်ဦးမှု မဲ့သွားတယ်။ အဲ့ဒီတုန်းကလည်း ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) နဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဆိုပြီး ဖွဲ့နိုင်ခဲ့ပေမဲ့ ထင်သလောက် နိုင်ငံရေးအသာစီး မယူနိုင်ခဲ့ပါဘူး။ ဒါကလည်း နိုင်ငံတကာ အခင်းအကျင်းကြောင့်လည်း ဖြစ်နိုင်သလို KNU စစ်ရေးထိခိုက်မှုတွေ၊ ၁၉၈၉ ဗကပ ပြိုကွဲမှုတွေကြောင့် စစ်တပ်က နိုင်ငံရေးလက်ဦးမှု ရခဲ့တာကြောင့်လည်း ပါမှာပါ။ ဗကပ ခွဲထွက်တွေက စစ်တပ်နဲ့ ငြိမ်းချမ်းရေးကို အပြိုင်အဆိုင် ယူခဲ့ကြတဲ့အတွက် စစ်တပ်က နိုင်ငံရေးလက်ဦးမှုနဲ့ အသာစီးရမှုမှာ အားသာသွားခဲ့တာ ဖြစ်တယ်။
အဲ့ဒီအားသာချက်ကနေ အနှစ် ၂၀ နီးပါးအထိ အချိန်ဆွဲလိုက်တယ်။ စစ်တပ်က အသာစီးယူ ၂၀၀၈ ခြေ/ဥကို ရေးဆွဲပြီး နောက်တဆင့် ခြေလှမ်းနိုင်ခဲ့တာပါ။ ၂၀၁၀ မှာ ကြံ့ဖွံ့ပါတီကို အခြေခံပြီး ရွေးကောက်ပွဲ လုပ်ပေးခဲ့တယ်။ NLD ပါတီက စစ်တပ်ကလုပ်ပေးမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့တယ်။ အဲ့လိုဖြစ်အောင်လည်း စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးထောင်ချခဲ့တာ။ ချည်ပြီးတုပ်ပြီး လုပ်ပြီးမှ ရွေးကောက်ပွဲ ကျင်းပပေးခဲ့တာပါ။ ကြံ့ဖွံ့ပါတီကပဲ အဓိကမဲရရှိပြီး အစိုးရ ဖွဲ့နိုင်ခဲ့တယ်။
အဲ့ဒီကာလရဲ့ နိုင်ငံခြားပြန်အဖွဲ့တွေနဲ့ ပြည်တွင်းနိုင်ငံရေးသမားဟောင်းတချို့ရဲ့ အသံက “လူမပြောင်းနဲ့ မူပြောင်း” ဆိုတဲ့အသံတွေနဲ့ လူထုကို ဖြားယောင်း သွေးဆောင်နိုင်ခဲ့တာလည်း ပါမှာပါ။ တကယ်လည်း လူမပြောင်းခဲ့ပါဘူး။ စစ်တပ်ယူနီဖောင်းချွတ်ပြီး တိုက်ပုံဝတ်ကာ နိုင်ငံတော်အာဏာကို ရယူကာ တရားဝင်မှု ရသွားခဲ့ပါတယ်။ တပြိုင်တည်း နိုင်ငံရေးလက်ဦးမှုလည်း ရသွားခဲ့ပါတယ်။ စစ်တပ်ဟာ တရားဝင်မှုနဲ့ နိုင်ငံရေးအသာစီးရမှုကို သူ ကျောထောက်နောက်ခံပြုထားတဲ့ ပါတီဆီကနေ ပြန်လည်အရယူနိုင်ခဲ့တယ်။
၂၀၁၂ ထဲရောက်တော့ ဒေါ်အောင်ဆန်းစုကြည်လည်း ပြန်လည်လွတ်မြောက်လာပြီး စစ်တပ်က ခင်းကျင်းထားတဲ့ ကစားကွင်းမှာ ဝင်ရောက်ကစားဖို့ ဆုံးဖြတ်ခဲ့တယ်။ ၂၀၁၂ ရဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ NLD မဲအပြတ်အသတ် အနိုင်ရခဲ့သလို တရားဝင်မှုနဲ့ နိုင်ငံရေးအသာစီး ရခဲ့ပြန်ပါတယ်။ စစ်တပ်နဲ့ သူကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ဖွံ့ပါတီဟာ တရားဝင်မှုနဲ့ နိုင်ငံရေးအသာစီးရမှု ကင်းမဲ့သွားတာကြောင့် လက်နက်အားကိုးနဲ့ အာဏာသိမ်းလိုက်တာပဲ။ တရားဝင်မှုနဲ့ နိုင်ငံရေးအသာစီးရမှုကို လုယူလိုက်တာပဲ။
သမာဓိရှည်ကြာစွာ တော်လှန်ရေးလုပ်ခဲ့တဲ့ နိုင်ငံရေးသမားဟောင်းတဦးက “နိုင်ငံရေးလက်ဦးမှု ဆိုတာ သိပ်အရေးကြီးပါတယ်။ လက်ဦးမှုကို ထိန်းသိမ်းရမယ်၊ တိုးချဲ့ရမယ်။ လက်ဦးမှုရှိရင် တရားဝင်မှုလည်း ရနိုင်တယ်။ နောက်ဆုံးမှာ အာဏာအဟောင်းကို ဖြိုချပြီး အာဏာသစ်ကို ထူထောင်နိုင်တယ်။ လက်ဦးမှုတော့ရပါရဲ့၊ မထိန်းသိမ်းဘူး၊ မတိုးချဲ့ဘူး၊ အဟောင်းကို မဖြိုချဘူး၊ အသစ်ကို မတည်ဆောက်ဘူးဆိုရင် လက်ဦးမှု ဆုံးရှုံးသွားမှာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ လက်ဦးမှုကို တဖက်ကလည်း အမြဲတမ်း ပြန်လုဖို့ ကြိုးစားနေလို့ ဖြစ်တယ်။ ဒါကြောင့် လက်ဦးမှုရသူဟာ နည်းနည်းမှ မတွေဝေဖို့လိုတယ်။ ပန်းတိုင်ရောက်ခါနီးလေ အားကုန်သုတ်ရလေဖြစ်တယ်။” လို့ သတိပေး ရေးသားခဲ့ဖူးတယ်။
လက်ရှိအခြေနေအရ အကဲဖြတ်ရရင် စစ်တပ်က နိုင်ငံရေးလက်ဦးမှုယူဖို့နဲ့ တရားဝင်မှုရရေးကို NUG ဆီကနေ လုယူဖို့ ၂၀၂၃ ရွေးကောက်ပွဲကို အပူတပြင်း ပြင်ဆင်နေတာ။ ဒီလိုအခြေအနေမှာ ကိုယ့်ဘက်က အသာစီးရနေမှုနဲ့ တရားဝင်မှုကို ဆက်ထိန်းထားနိုင်ဖို့ လိုပါတယ်။ ပြန့်ကြဲနေတဲ့ အင်အားစုတွေကို စုစုစည်းစည်းဖြစ်အောင် နည်းလမ်းရှာ စုစည်းကြရပါမယ်။ နိုင်ငံရေးခံစစ်ကို မြှင့်တင်ကြရပါမယ်။ တန်ပြန်တိုက်စစ်အတွက်လည်း ပြင်ဆင်ထားကြရပါမယ်။ နိုင်ငံရေးအသာစီးယူမှုကို နောက်တဆင့် တက်ကြရပါမယ်။ စစ်ရေးထိုးစစ်ကို တဆင့်မြှင့်တင်နိုင်ရပါမယ်။ စစ်ရေးထိုးစစ်ဟာ နိုင်ငံရေးလက်ဦးမှု ထိုးစစ်လည်း ဖြစ်ရပါမယ်။
၁၉၈၈ ခုနှစ်မှာ ဗကပရဲ့ မိုင်းယန်းကို ထိုးစစ်ဝင်တဲ့အချိန်မှာ ဗိုလ်စောမောင်က “ဒါဟာ စစ်ရေးအရသာ မဟုတ်ဘူး၊ နိုင်ငံရေးအရလည်း အရေးပါတဲ့ထိုးစစ်ဖြစ်တယ်” လို့ ကြွေးကြော်ပြီး ထိုးစစ်ပြုလုပ်ခဲ့တာကို မမေ့စေချင်ပါ။ ဒီနေ့အချိန်မှာလည်း EROs တွေ၊ PDF တွေ၊ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဒီတကြိမ်စစ်ရေးဟာ ‘စစ်ရေးသာမက နိုင်ငံရေးထိုးစစ်လည်း ဖြစ်တယ်’ ဆိုတဲ့အချက်ကို အခြေခံပြီး တိုက်ပွဲဝင်တာနဲ့ တပြိုင်တည်း စစ်အုပ်စုရဲ့ ရွေးကောက်ပွဲနဲ့ အသာစီးယူလိုမှုဟာ ကျဆုံးသွားမှာပဲ ဖြစ်ပါတယ်။ တခြားဘက်ကလည်း နိုင်ငံရေးအရ စစ်အာဏာရှင်ရွေးကောက်ပွဲကို ဘယ်လိုဖျက်ဆီးပစ်မလဲ ဆိုတာကိုလည်း အဖြေရှာ လုပ်ဆောင်သင့်ပါတယ်။
အချုပ်အားဖြင့် ပြောချင်တာကတော့ ဒီနေ့အခြေအနေဟာ ၁၉၈၈ ကာလနဲ့ ကမ္ဘာ့အမြင်၊ ဗမာလူထု ထောက်ခံအားပေးမှု၊ နိုင်ငံရေးအသာစီးရရှိမှု၊ တရားဝင်မှုကအစ ကွာခြားတယ်။ ကိုယ့်ဘက်က အသာစီးရနေတာပဲဖြစ်တယ်။ ဒီလိုအခြေအနေမျိုးမှာ မတွေဝေဖို့နဲ့ ပန်းတိုင်ရောက်ခါနီးလေ အားကုန်သုတ်ရလေပဲ ဆိုတာကို မမေ့ဖို့လိုပါတယ်။ ဒါကြောင့် ဒီတကြိမ်မှာ တော်လှန်ရေးအင်အားစုအားလုံး တညီတညွတ်တည်း အားသွန်ခွန်စိုက် လုပ်ဆောင်ကြဖို့ နှိုးဆော်လိုက်ရပါတယ်။ တရားဝင်မှုနဲ့ နိုင်ငံရေးအသာစီးရနေမှုတွေကို ဆက်လက်ထိန်းသိမ်း တိုးချဲ့နိုင်ကြပါစေ။
ဂန္ထဝင်မောင်ထူး