close

ဒဂုံမြို့သစ်အရှေ့ပိုင်း စက်မှုဇုန်နှင့် လျှပ်စစ်ရုံးအနီးတွင် ဗုံးပေါက်

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် စက်မှုဇုန်နဲ့ မြို့နယ်လျှပ်စစ်ရုံးအနီးမှာ နိုဝင်ဘာ ၈ ရက် ဒီနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲခဲ့ပါတယ်။

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ၅၂ ရပ်ကွက် ဒဂုံအရှေ့စက်မှုဇုန် ဘူတာလမ်းဘေးမှာ ဒီနေ့မနက် ၈ နာရီက ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ရပ်ကွက်နေသူတယောက်က ပြောပါတယ်။

“ကြားတာက စက်မှုဇုန်မှာ ဗုံးတွေ့လို့ စစ်တပ်က လာဖောက်တာလို့ ပြောတယ်။ ဘူတာလမ်းမှာ စစ်သားတွေ အများကြီးပဲ။ စက်မှုဇုန်မှာလည်း စစ်နေတယ်။”

အလားတူ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် လျှပ်စစ်ရုံး အနီးမှာလည်း ဒီနေ့မနက် ၉ နာရီက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

“ရုံးနားမှာပေါက်တာ၊ အသံကတော့ အကျယ်ကြီးပဲ။ စစ်သားတွေရော ရဲတွေပါ ရောက်နေတာ၊ ထိတဲ့သူရှိတယ်လို့တော့ မကြားဘူး။”

လတ်တလောမှာ စစ်ကောင်စီတပ်တွေ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် စက်မှုဇုန်နဲ့ EPC ရုံး အနီးတဝိုက်မှာ လမ်းသွားလမ်းလာနဲ့ ဆိုင်ကယ်တွေကို စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ည ၈ နာရီကလည်း ဒေါပုံမြို့နယ်၊ ဇေယျာသီရိရပ်ကွက် ယမုံနာလမ်းမပေါ်ရှိ ကမ္ဘောဇ K Pay စင်တာ လုံခြုံရေးကင်းတဲအနီးမှာ ဗုံးပေါက်ကွဲခဲ့ပါသေးတယ်။

ရန်ကုန်က မြို့နယ်တချို့မှာ နိုဝင်ဘာ ၁ ရက်မှ ၈ ရက်နေ့အထိ ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှု ၁၀ ကြိမ်ဖြစ်ခဲ့ပြီး ၅ ယောက်သေဆုံးကာ ၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up