close

မိုးရေးမြို့ရောက် မြန်မာစစ်ဘေးရှောင်များ အကူအညီလိုအပ်နေ

အိန္ဒိယ-မြန်မာနယ်စပ်၊ အိန္ဒိယနိုငံ၊ မဏိပူရပြည်နယ်၊ မိုးရေးမြို့ဘက်ကို ရောက်ရှိနေတဲ့ မြန်မာစစ်ဘေးရှောင်တွေ အကူအညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေနဲ့ နီးစပ်သူက ပြောပါတယ်။

စစ်ဘေးတိမ်းရှောင်နေရတာဟာ အချိန်ကာလ ကြာမြင့်နေပြီဖြစ်ပြီး အကူအညီရရှိတာတွေ နည်းပါးတဲ့အတွက် အကူအညီတွေ ပိုပြီးလိုအပ်နေတာလို့ ဆိုပါတယ်။

အဓိကလိုအပ်နေတာကတော့ စားနပ်ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်း‌တွေဖြစ်ပြီး ဆောင်းတွင်းရောက်လာပြီဖြစ်လို့ နယ်စပ်မှာ အအေးပိုတဲ့အတွက် အနွေးထည်တွေနဲ့ စောင်တွေလည်း လိုအပ်နေတယ်လို့ ပြောပါတယ်။

နယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်အများစုဟာ စစ်ကိုင်းတိုင်းအတွင်းက ဖြစ်ပြီး တမူးမြို့နယ်က စစ်ရှောင်တွေလည်း အများအပြား ပါဝင်ကာ စစ်ဘေးရှောင်ထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ကလေးသူငယ်တွေလည်း ပါဝင်နေပါတယ်။

စစ်ဘေးရှောင်တွေကိုတော့ အိန္ဒိယအစိုးရက တရားဝင်လက်ခံကူညီတာမရှိဘဲ နားလည်မှုအနေနဲ့သာ ‌ရှောင်တိမ်းနေရတာဖြစ်ပြီး အိန္ဒိယအစိုးရက မြန်မာစစ်ဘေးရှောင် ၁၀၀ ကျော်ကို ဖမ်းဆီးထားကာ နိုင်ငံခြားသားအမှုနဲ့ အမှုဖွင့် အရေးယူထားတာတွေလည်း ရှိနေပါတယ်။

အဆိုပါစစ်ဘေးရှောင်တွေကို ရံဖန်ရံခါ ပရဟိတအသင်းတွေနဲ့ ကူကီး အမျိုးသမီး လူ့အခွင့်အရေး အဖွဲ့အစည်းက ၂၀၂၂ ခုနှစ် ဇူလိုင်လကစပြီး လစဉ် အသေးစားထောက်ပံ့ပေးမှုတွေ ပြုလုပ်‌နေပေမဲ့ လုံလောက်မှုမရှိဘူးလို့ ပြောပါတယ်။

လက်ရှိ စစ်ဘေးရှောင်တွေဟာ ဒေသတွင်းတိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့အတွက် အိမ်နီးချင်းနိုင်ငံကို လာရောက် တိမ်းရှောင်နေကြရတာပါ။

အိန္ဒိယဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာစစ်ဘေးရှောင် ၅,၀၀၀ ကျော်ရှိတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေဆီက သိရပါတယ်။

ဓာတ်ပုံ-ကူကီးအမျိုးသမီးလူ့အခွင့်အရေးအဖွဲ့အစည်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up