close

ထိုင်းတွင် နိုင်ငံခြားသားများအား မြေကွက်ရောင်းချမည့် ဥပဒေမူကြမ်း ပြန်ရုပ်သိမ်း

ထိုင်းနိုင်ငံမှာ စီးပွားရေးပြန်လည်ဦးမော့လာဖို့ နိုင်ငံခြားသားတွေကို ၁ ဦးလျှင် မြေကွက်ဧကဝက်စီ ရောင်းချပေးမယ့် ဥပဒေမူကြမ်းကို အတည်ပြုဖို့ ပြီးခဲ့တဲ့လက ဆုံးဖြတ်ခဲ့ပေမယ့် ကန့်ကွက်သူတွေ များနေတာကြောင့် ပြန်လည်ရုပ်သိမ်းထားလိုက်ရပါတယ်။ 

ပြည်သူလူထုတွေရဲ့ အသံကို ပြန်လည်ဆန်းစစ်ကြည့်ဖို့အတွက် ဥပဒေမူကြမ်းဆိုင်းငံ့ထားဖို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက အစိုးရဝန်ကြီးများအဖွဲ့ကို တင်ပြထားရာမှာ နိုဝင်ဘာ ၈ ရက်  အစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးပြီး နောက်ပြန်ဆုတ်ထားဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့  ဝန်ကြီးများရုံး ပြောရေးဆိုခွင့်ရှိသူ နိုင်းအနုချား ပူလူပ်ချိုင်းဆရီက ထုတ်ပြန်ပါတယ်။ 

ပြည်ထဲရေးဝန်ကြီး နိုင်းအနုဖုန်းဖောင်ကျင်းဒါးကလည်း ဒီကိစ္စဟာ ထိရှလွယ်ကြောင်း၊ နိုင်ငံခြား သားတွေကို မြေကွက်ရောင်းပေးခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်မယ့် လူမှုစီးပွါးကောင်းကျိုးဆိုးကျိုးတွေကို ပြန်လည်သုံးသပ်ရမှာဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

အစိုးရရဲ့ ဥပဒေရေးရာတာဝန်ခံ ဒုဝန်ကြီး နိုင်းဝိစနုခေးငမ်းကလည်း နိုင်ငံခြားသားတွေ မြေဝယ် ယူခွင့်ဥပဒေတစ်ရပ်ကို လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း ၊ ဒီဥပဒေတွေကို ပြည်သူတွေနားလည်အောင်သေချာရှင်းမပြခဲ့ရတဲ့ မိမိကိုယ်ကိုလည်း အပြစ်တင်ကြောင်း၊ ဥပဒေရဲ့ ရလဒ်ကောင်းကျိုးတွေရှိပေမယ့် “အမျိုးသားပိုင်မြေရောင်းစားတယ်” ဆိုတဲ့အသုံးအနှုန်းတွေ ထွက်ပေါ်လာတာကြောင့် ကန့်ကွက်မှုတွေရှိလာရတယ် ၊ အရင်လက ပြဋ္ဌာန်းတဲ့မူကြမ်းကို သဘော မတူရင်လည်း ၂၀၀၂ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ဥပဒေအတိုင်းပြန်သွားကြတာပေါ့၊ ဒါပေမဲ့ အခုပြဋ္ဌာန်းတဲ့ ဥပဒေမူကြမ်းက ၂၀၀၂ ထက်ပိုတောင်တင်းကျပ်သေးတာနော်၊ ၂၀၀၂ ဥပဒေမှာ ဝယ်ယူခွင့်ရှိသူလူတန်းစား ၄ မျိုးဆိုတာ မပါဘူး” လို့ သတင်းထောက်တွေကို ပြောပါတယ်။ 

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွါးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း ကျဆင်းသွားတဲ့ စီးပွါးရေးကို ပြန်လည်မြှင့်တင်ဖို့ နိုင်ငံခြားသားတွေကို မြေကွက်ရောင်းချတာ၊ စီးပွါးရေးလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံခွင့်ပြုခြင်းဆိုင်ရာ ဥပဒေမူကြမ်းတရပ်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့က သဘောတူချမှတ်ခဲ့ပါတယ်။

အဆိုပါ ဥပဒေမူကြမ်းအရ ထိုင်းနိုင်ငံမှာ ဘတ်သန်းပေါင်း ၄၀ အထက် အနည်းဆုံး ၃ နှစ်တာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသူ ချမ်းသာကြွယ်ဝသူ၊ ပင်စင်စားဝန်ထမ်း၊ လုပ်ငန်းရှင်၊ အတတ်ပညာရှင်တွေကို  တစ်ဦးလျှင် မြေ ဧကဝက်လောက် ဝယ်ယူခွင့်ပြုမယ်လို့ ဖော်ပြထားပါတယ်။  ဒါပေမဲ့ အတိုက်အခံပါတီနဲ့ မျိုးချစ်ဝါဒီတွေက အမိမြေရောင်းစားတယ်ဆိုပြီး ကန့်ကွက်ခဲ့ကြပါတယ်။

Ref- BangkokBiznews

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up